ဖိုးအင်သဘာဝလိုဏ်ဂူ

Listing Description

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဖိုးအင်ရွာအနီးတွင် တည်ရှိပါသည်။ မူလက ဖိုးအင်ဂူတစ်ခုသာ ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယ သဘာ၀လိုဏ်ဂူ ထပ်မံတွေ့ရှိခဲ့သည်။ ကျောက်လိုဏ်ဂူနှစ်ခုမှာ အဝင်၀ လူနှစ်ကိုယ်စာသာရှိပြီး အတွင်းပိုင်းတွင်မူ ကျယ်ပြန့်သန့်ရှင်းပြီး လှပသော ကျောက်စက်ပန်းဆွဲများနှင့် ဆွဲဆောင်မှုရှိလှသည်။ ကျောက်နံရံများ၊ ကျောက်စက်ပန်းဆွဲများမှာ သဘာဝအတိုင်း ပုံသဏ္ဌာန်မျိုးစုံဖြင့် သဘာဝပန်းချီပြခန်းကြီးသဖွယ် ဖြစ်နေသည်။ နံရံတိုင်းတွင်ရှိသော ကျောက်စက်ပန်းဆွဲများမှာ သဘာဝအတိုင်း မပျက်မယွင်း တည်ရှိနေသည့်အတွက် အလှပဆုံးမြင်တွေ့နိုင်သည်။ ဖိုးအင်ပထမဂူကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားသားများ လာရောက်သုတေသနပြုကာ အောက်ဆီဂျင်ဘူးများဖြင့် ဆင်းကြည့်ဖူးကြောင်း သိရပြီး ဖိုးအင်ရေထွက်အထိ လမ်းပေါက်သော ကျောက်ဂူပင်ဖြစ်သည်။ ဒုတိယဂူကိုမူ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် မြစ်သားလူငယ်အဖွဲ့ စတင်လေ့လာခဲ့ပြီး လာရောက်လည်ပတ်လေ့လာသူများ အလွယ်တကူ သွားလာလေ့လာနိုင်ရန်အတွက် လျှပ်စစ်မီးကြိုးသွယ်တန်းကာ မီးစက်များဖြင့် မီးထွန်းပေးထားသည်။ လိုဏ်ဂူနှစ်ခု အနီးပတ်ဝန်းကျင်တွင် ရေပူစမ်း၊ ရေအေးစမ်းများ စီးဆင်းနေပြီး တောတောင်ရှုခင်း သာယာလှပမှုကြောင့် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။