ပြက္ခရွေ့တောင်စွယ်တော်စေတီနှင့် မြန်မာနိုင်ငံ၏ဗဟိုချက်မကျောက်စာတိုင်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊ မြသုခကျေးရွာအနီးတည်ရှိသော ပြက္ခရွေတောင်သည် ပြတ်တောင်နှင့် ခရွေတောင်နှစ်လုံးကို ပေါင်းစပ်ခေါ်ဝေါ်ထားသည့် အမည်ဖြစ်ကာ တောင်တော်ကြီးဟုလည်း ထင်ရှားပါသည်။ ဒေသတွင်းနေသူများက ပြက္ခရွေကို အရှေ့တောင်ကြီးနှင့် အနောက်တောင်ကြီးဟုလည်းကောင်း၊ ပြက္ခရွေအရှေ့တောင်၊ ပြက္ခရွေ အနောက်တောင်ဟုလည်းကောင်း ခေါ်ဆိုကြပါသည်။ အရှေ့ဘက်တောင် (ခရွေ) သည် ပင်လယ်ရေ မျက်နှာပြင်အထက် ၃၅၅၉ ပေမြင့်ကာ အနောက်ဘက်တောင် (ပြတ်တောင်) သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၇၃၃ ပေ မြင့်ပါသည်။ ပြက္ခရွေ့အနောက်တောင်ပေါ်တွင် အနော်ရထာမင်းကြီး တည်ထားခဲ့သော သမိုင်းဝင် ငါးဆူမြောက် စွယ်တော်မြတ်စေတီတော်နှင့် ဗြိတိသျှကိုလိုနီခေတ် မြေတိုင်းဦးစီးဌာနမှ တိုင်းတာချက်များအရ မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်မဟု သတ်မှတ်ထားသော ကျောက်တိုင်ရှိပါသည်။ ကမ္ဘာ့တည်နေရာပြစနစ်(GPS)တိုင်းတာချက်အရ မြောက်လတ္တီကျု ၂၁ ဒီဂရီ ၁၂.၆၉၅ မိနစ်၊ အရှေ့လောင်တ္တီကျု ၆၉ ဒီဂရီ ၁၄.၇၅၉မိနစ်၌ တည်ရှိပါသည်။ စွယ်တော်မြတ်စေတီတော်ကို သက္ကရာဇ် ၃၉၅ ခုနှစ်တွင် အနော်ရထာမင်းကြီးက သီဟိုဠ်ဘုရင် ဓာတုသေနမင်းထံမှရရှိသော ဗုဒ္ဓဆွယ်တော်ပွားတစ်ဆူကို အဓိဌာန်ဖြင့် ဆင်ဖြူတော်ပေါ်တွင်တင်ပြီး ဆင်ဖြူတော်ဝပ်သည့်နေရာတွင် ဗုဒ္ဓဆွယ်တော်ပွားကို ဌာပနာ၍ တည်ထားခဲ့သည်ဟု ဆိုပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၈၁ ပေ၊ အောက်ခြေဖိနပ်တော် အလျားအနံ ၈၁ ပေ ကျယ်ဝန်းကာ ရင်ပြင်တော်ပတ်လည်တွင် စေတီရံပေါင်း ၃၂ ဆူရှိပါသည်။ ပြက္ခရွေတောင်စွယ်တော်မြတ်စေတီတော် ဘုရားပွဲကို နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၃ ရက်မှ သီတင်းကျွတ် လပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ မြစ်သားမြို့နယ်အတွင်း ထင်ရှားသော ဘုရားပွဲတော်တစ်ခု ဖြစ်ပါသည်။ ပြက္ခရွေတောင်သို့ တက်ရောက်ကြသူများသည် တောင်ခြေမှ မိုင်ဝက်ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၅၈ ပေတွင်ရှိသည့် မောနားကျောင်းအထိ ဆိုင်ကယ်ဖြင့် တက်ရောက်နိုင်သည်။ ပုဂံဘုရင် အနော်ရထာမင်းကြီး အဓိဋ္ဌာန်ပြု၍ စေလွှတ်ခဲ့သည့်ဆင်ဖြူတော်သည် ဘုရားရှင်၏စွယ်တော်ကို ပင့်ဆောင်၍ ပြက္ခရွေတောင်ပေါ်သို့ တက်ခဲ့စဉ် မောပန်းသဖြင့် နားခဲ့သောနေရာသည် မောနားကျောင်းနေရာဟု ယူဆကြသည်။ မောနားကျောင်းသည် ပြက္ခရွေ အရှေ့တောင်နှင့် အနောက်တောင်အကြား လွင်ပြင်နေရာတွင် တည်ရှိပြီး တောင်ပေါ်သို့တက်ကြသည့် ခရီးသွားများသည် မောနားကျောင်းတွင် ခေတ္တနားပြီးမှ တောင်ပေါ်သို့ ဆက်တက်လေ့ရှိကြသည်။ တောင်တက်ခရီး ပျမ်းမျှကြာချိန် ၅ နာရီခန့် ခြေလျင်တက်ရောက်ရပြီး တောင်ပေါ်ရှိ စွယ်တော်မြတ်စေတီတော်ကို ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ကာ မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်မကျောက်တိုင်တွင်လည်း အမှတ်တရဓာတ်ပုံရိုက်နိုင်ပါသည်။