မြန်မာဝတ္ထုတိုနှစ်၁၀၀ပြည့် (၂၀၁၇)

Listing Description

မြန်မာဝတ္ထုတို နှစ်တစ်ရာပြည့်_၂၀၁၇ 

၁၉၁၇ ခုနှစ် မတ်လထုတ် သူရိယမဂ္ဂဇင်း အမှတ်(၁)တွင် မောင်သိန်းတင် မသိန်းရှင်အမည်ရသောဝတ္ထုတို စတင်ဖော်ပြခဲ့သည်။ ရေးသူမှာ ဆရာကြီးရွှေဥဒေါင်းဖြစ်သည်။ ထိုဝတ္ထုမှာ မြန်မာ့စာပေလောကအတွက်အရေးပါသော စာပေအရေးအသားတစ်ခုဖြစ် ခဲ့သလို မြန်မာ့ပထမဆုံးဝတ္ထုတိုတစ်ပုဒ်လည်းဖြစ်သည်။ ထိုဝတ္ထုတိုထက်စောသော၊ ဝတ္ထုတိုဟုသတ်မှတ်နိုင်သော အရေးအသား ကို အထောက်အထားအားဖြင့် မတွေ့ရသေးဟုဆိုသည်။

မောင်သိန်းတင် မသိန်းရှင် ဝတ္ထုတိုကို မြန်မာ့ပထမဆုံးဝတ္ထုတိုအဖြစ် မြန်မာစာပေလေ့လာသူများက သတ်မှတ်ထားကြသည်။ ၁၉၁၇ ခုနှစ်မတိုင်မီတွေ့ရသော ဗုဒ္ဓစာပေဝတ္ထုများမှ အချို့သော စာပေအရေးအသားများနှင့် ဦးပုည၏ စာပေအရေးအသားအချို့ ကို ဝတ္ထုတိုဟုဆိုနိုင်ကြောင်း သုံးသပ်ကြပေမဲ့ မြန်မာဝတ္ထုတိုဟု တိတိကျကျသတ်မှတ်ထားသော အရေးအသားမှာ မောင်သိန်းတင် မသိန်းရှင် သာဖြစ်သည်။ 

ဆရာကြီးရွှေဥဒေါင်း၏ ဝတ္ထုတိုကိုဖော်ပြသော သူရိယမဂ္ဂဇင်းသည် အမှတ်(၁) ဖြစ်သည်။ ၁၉၁၇ ခုနှစ် မတ်လတွင်ထုတ်ဝေသော မဂ္ဂဇင်းအသစ်တစ်စောင်ဖြစ်သည်။ ထိုမဂ္ဂဇင်းတွင် ဝတ္ထုတို အရေးအသားပုံစံ ဖြစ်သောစာမူများ ပေးပို့ရန် စတင်ဖိတ်ခေါ်ခဲ့ပြီး ဝတ္ထုတိုပြိုင်ပွဲ ပြုလုပ်ခဲ့သည်။ ထိုဖိတ်ခေါ်မှုသည် ဝတ္ထုတိုမျိုးဆက်သစ်များ မွေးဖွားခြင်းအတွက် လမ်းစတစ်ခုဖြစ်သည်။

၁၉၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျွန်ုပ်သည် သူရိယမဂ္ဂဇင်း အယ်ဒီတာအဖြစ်နှင့် သူရိယတိုက်သားတစ်ယောက်ဖြစ်လာ၏။ သူရိယတိုက်အုပ်နှစ်ယောက်(ဦးဘဖေနှင့်ဦးလှဖေ)တို့သည် ကျွန်ုပ်၏ လက်စွမ်းလက်စကို မြင်ကြသည်နှင့် သူရိယမဂ္ဂဇင်းထုတ်ဖို့ အကြံ ဖြစ်ပေါ်လာကြသည်ဟု နောင်တွင် သိရ၏ ဟုလည်းကောင်း၊ ၁၉၁၇ ခုနှစ် မတ်လထုတ် ပထမဦးဆုံး သူရိယမဂ္ဂဇင်းတွင် ကျွန်ုပ်၏ မောင်သိန်းတင် မသိန်းရှင် ဝတ္ထုတိုတစ်ပုဒ်ထည့်သွင်းပြီးနောက်တွင် တိုက်အုပ် ဦးလှဖေက ရှားလော့ဟုမ်း(Sharlock Holmes)၏ စုံထောက်ဝတ္ထုများကိုမှီးပြီး မြန်မာဝတ္ထုရေးရန် အကြံပေးသည့်အလျောက် ဧပြီလထုတ် သူရိယမဂ္ဂဇင်းတွင် စုံထောက်မောင်စံရှား ဝတ္ထုရှေးဦးစွာ ထွက်ပေါ်လာသည်ဟုလည်းကောင်း ဆရာကြီး ရွှေဥဒေါင်းက တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ စာအုပ်၊ တတိယကဏ္ဍ၊ မောင်သိန်းဖေမှ ကိုဖေသိန်းသို့ အခန်းတွင် ရေးသား ခဲ့သည်။ 
ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် ဝတ္ထုတိုအရေးအသားကို ဆရာကြီး ရွှေဥဒေါင်းနှင့် သူရိယမဂ္ဂဇင်းတို့ တိုင်ပင်၍ စတင်ခဲ့သည်ဟု ယူဆနိုင်သည်။ ကျွန်ုပ်၏ မောင်သိန်းတင် မသိန်းရှင် ဝတ္ထုတို ဟုရေးသားခဲ့သောကြောင့် ဆရာကြီး ရွှေဥဒေါင်းသည် သူ၏အရေးအသားကို ဝတ္ထုတိုဟု တိတိကျကျသတ်မှတ်ခဲ့ကြောင်း သိသာလှပါသည်။

ဝတ္ထုတိုများကို မည်သည့်အချိန်တွင် မည်သူက စတင်ခဲ့သနည်းဟု ရှာဖွေသောအခါ ၁၉၁၇ ခု မတ်လတွင် စတင်ထုတ်ဝေသည့် သူရိယမဂ္ဂဇင်းပါ မောင်သိန်းတင် မသိန်းရှင် ဝတ္ထုထက်စောသော ဝတ္ထုတိုကို မတွေ့ရှိရသေးပါ ဟု ဦးကြီးမောင်(ငွေဥဒေါင်း)က ၁၉၇၈ ခုနှစ် မတ်လ၌ ကျင်းပခဲ့သော ဝတ္ထုတိုစာတမ်းဖတ်ပွဲတွင် မြန်မာဝတ္ထုတိုသမိုင်း အမည်ဖြင့် ဖတ်ကြားသောစာတမ်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာကာလပေါ်ဝတ္ထု(Novel)သည် ၁၉၀၄ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည်။ 
မြန်မာဝတ္ထုတို(Short Story) သည် မြန်မာဝတ္ထု(Novel)ထက် ၁၃ နှစ်နောက်ကျပြီးမှသာပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ 
ဝတ္ထုတို(Short Story)ထက် နောက်ကျသောအရေးအသားမှာ ရသစာတမ်း(Eassy) ဖြစ်သည်။ 
မောင်သိန်းတင် မသိန်းရှင် ဝတ္ထုတိုဖော်ပြခဲ့သည့် ၁၉၁၇ ခုနှစ် မတ်လမှစတင် ရေတွက်လျှင် ၂၀၁၇ ခုနှစ်သည် မြန်မာ့ဝတ္ထုတိုရာပြည့်နှစ်ဖြစ်သည်။

ကိုးကား - ဝီကီပီဒီးယား