ရွှေဥမင်လိုဏ်ဂူ (ပင်းတယ)

Listing Description

ရွှေဥမင်သဘာဝလိုဏ်ဂူသည် ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တည်ရှိပြီး ပင်းတယမြို့မှ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ရွှေဥမင်လှိုဏ်ဂူတော်သည် ဂူပေါက် ၃ ခုရှိရာ တောင်ဘက်အကျယ်ဆုံး နှင့် အမြင့်ဆုံးဂူပေါက်မှာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၄၉၇၀ ပေအမြင့်တွင် တည်ရှိပါသည်။ တောင်ပေါ်သို့ကားလမ်းဖြင့် တတ်ရောက်သွားနိုင်ပြီး ဓာတ်လှေကားမရောက်ခင် အဝင်ဝနေရာတွင် ပင်းတယမြို့သမိုင်းနှင့် ဆက်စပ်နေသော ကုမ္မာဘယမင်းသား နှင့် ပင့်ကူကြီး ရုပ်တုအကြီးကြီးကို တွေ့မြင်နိုင်ပါသည်။ ထုံးကျောက်ဂူအမျိုးအစားဖြစ်ပြီး ဂူ၏ အရှည်မှာ ပေ ၄၉၀ ရှိကာ ဂူအထဲတွင် ရွှေအပြည့်ချထားသော ရွှေဥမင်စေတီနှင့် ဗုဒ္ဓရုပ်ပွားတော် ၈၀၉၄ဆူရှိပါသည်။ ဘူမိဗေဒပညာရှင်များ၏ခန့်မှန်းချက်အရ ကျောက်စက်တိုင်များမှာ နှစ်ပေါင်း သန်း ၂၀၀ ခန့်သက်တမ်းရှိသည်ဟု သိရသည်။ ထို့ပြင် ဂူထဲရှိ ဆင်ချည်တိုင်၊ မြင်းချည်တိုင်၊ ဝင်္ကပါဂူ၊ ချွေးထွက်ဘုရား၊ အောင်မြေ၊ နတ်ရေကန် တို့မှာလည်း ထင်ရှားပါသည်။