လန့်တောင်းဘုရား

Listing Description

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ လန့်တောင်းကျေးရွာတွင် တည်ရှိသည့် သမိုင်းဝင်အထင်ကရ ဘုရားတစ်ဆူဖြစ်သည်။ ဘုရားသမိုင်းအရ ခန့်မှန်းသက္ကရာဇ် အေဒီ ၉၀၀ ပြည့်နှစ် ဝန်းကျင်တွင် ထိုင်းနိုင်ငံမှ မြို့စားတစ်ဦးက ဆင်းတုတော်သုံးဆူ ထုလုပ်ကာကာ မဲခေါင်မြစ်အတိုင်း ဆန်တက်ပြီး ထိုင်းနိုင်ငံ ကျင်းရှဲန်မြို့တွင် တစ်ဆူကိုးကွယ်ခဲ့ရာ မယ်ခေါင်မြစ်ရေတွင် နစ်မြုပ်သွားပြီး ကျန်နှစ်ဆူအနက် မြန်မာနိုင်ငံ ဝမ်ကျင်းရွာတွင် ဒုတိယတစ်ဆူနှင့် ယခုလန့်တောင်းတွင် တစ်ဆူ ကိုးကွယ်ခဲ့ရာ လန့်တောင်းမှ ဆင်းတုတော်မှာ မှောက်တော်မူစံပယ်နေသဖြင့် ဒေသခံများက ထူမတ်ရန်ကြိုးစားကြသော်လည်း မအောင်မြင်ဘဲရှိနေစဉ် အခြားဒေသမှ အသက် ၁၄ နှစ်အရွယ် ကိုရင်တစ်ပါးရောက်လာပြီးနောက် ဆင်းတုတော်မှာ အလိုလိုထူမတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုမှစတင်ကာ ခေတ်အဆက်ဆက် ကိုးကွယ်ပူဇော်ခဲ့ကြပြီး စော်ဘွားစင်ဟာအစ်ကိုဖြစ်သော မိုင်းလင်းဘွား ဘွားအိင်း(န်)တဝန်း လက်ထက်တွင် အများပြည်သူကောင်းမှုဖြင့် ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းခဲ့သည်။ ကောဇာ သက္ကရာဇ် ၁၃၃၃ ခုနှစ်၊ နတ်တော်လပြည့်နေ့ (ခရစ်နှစ် ၁၉၇၁) တွင် အလှူရှင် ယာရှဲန်(င်)က ယခုကျောင်းဆောင်ကို အလှူငွေ ၃၀၀၀ ကျပ်ဖြင့် စတင်ဆောက်လုပ်ရန် မတည်ခဲ့ပြီး အများပြည်သူကောင်းမှုဖြင့် ကောဇာသက္ကရာဇ် ၁၃၃၈ ခုနှစ်၊ နတ်တော်လပြည့်နေ့ (ခရစ်နှစ် ၁၉၇၆) တွင်အောင်မြင်စွာ ရေစက်သွန်းချ လှူဒါန်းနိုင်ခဲ့သည်။ တာလေမြို့တွင် သမိုင်းဝင်အထင်ကရ ဘုရားကြီးအဖြစ် ထင်ရှားလျက်ရှိသော “လန့်တောင်းဘုရား”နည်းတူ လူသိများသော နှစ်တစ်ရာကျော် သက်တမ်းရှိ အင်ကြင်းကျောက်ကိုလည်း သမိုင်းအမွေအနှစ်အဖြစ် ပြသထားလျက်ရှိပါသည်။