လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီ

Listing Description

လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တောင်ဘက်တွင် တည်ရှိပါသည်။ လေးကျွန်းရန်အောင် ဖေါင်တော်ဦးစေတီတော် ကျောက်စာအရ ခရစ်နှစ် ၁၁၁၅ တွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး သီဟိုဠ်နှင့် မဇ္ဈိမဒေသသို့အသွား ခရီးတစ်ထောက် နားခိုက်တွင် တည်ထားခဲ့ပါသည်။ ကိုးတောင်ပြည့်စေတီဖြစ်ပြီး၊ ဖေါင်တော်ဦး ဘွဲ့မည်တွင်ပါသည်။ ခရစ်နှစ် ၁၉၃၉ တွင် မဟာဗောဓိဆရာတော် ဦးနန္ဒိယ ဦးစီးပြီး အလောင်းစည်သူမင်းကြီး၏ ကုသိုလ်တော် မူလစေတီကို လိုဏ်ဂူအတွင်းထားကာ လုံးဝန်းသော သဏ္ဌာန်နှင့် တဝဂူစေတီ တည်ထားသည်။ ဉာဏ်တော် အမြင့်မှာ ၁၆၂ ပေ ဖြစ်ပါသည်။ စေတီတော် အတွင်းသို့ ဝင်ရောက်ဖူးမြော်လျှင် အတွင်းလိုဏ် ပတ်လမ်းကိုပတ်၍ ကြည်ညိုပါက ပုဂံခေတ်မှ ရတနာပုံ ခေတ်အထိ ခေတ်လေးခေတ်မှ တင်ပလ္လင်ခွေ ရုပ်ပွားတော်ကြီး လေးဆူကိုလည်း ခေတ်ပြောင်းလဲမှု အလိုက်လေ့လာ ဖူးမြော်ရမည် ဖြစ်ပါသည်။ ထို့နောက် အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်လျှင် ရာဇမုနိ လာဘမုနိ အဘယမုနိ စသည့် ကြေးသွန်းမုနိတော် လေးဆူကိုလည်း ထူးခြားစွာ ဖူးတွေ့နိုင်ပါသည်။ စေတီတော်ပရိဝုဏ်ရှိ ဝိဟာရဒေဝီ နှင့် မောင်တော် ဗြဟ္မဒေဝီတို့၏ ရေကန်နှစ်ကန်ကို အစွဲပြုပြီး ရေကြည်ရေနောက် ဘုရားဟု လူသိများခဲ့သည်။