သူရဦးတင်ဦး

Listing Description

၁၉၂၇ ခုနှစ် မတ်လ ၁၂ ရက်၌ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရေကျော်သရက်ကွင်းရွာတွင် မွေးဖွားခဲ့သည်။ ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်း၌ ဆယ်တန်းအောင်သည် အထိ ပညာသင်ကြားခဲ့သည်။

၁၉၃၆-၃၈ ခုနှစ်၊ တစ်နိုင်ငံလုံး ကျောင်းသားသပိတ် ဖြစ်သည့် အချိန် ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်း တွင် ပညာသင်ကြားနေစဉ် ကျောင်းမှ ပြုလုပ်သော စီတန်းလှည့်လည် ဆန္ဒပြပွဲများ၌ ကျောင်းမှဦးစီးဖွဲ့သည့် ပင်နီ လူငယ် တပ်ဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၄၂ ခုနှစ်တွင် အထက်တန်းပညာ သင်ကြား နေစဉ် ဂျပန်ဘာသာပါ လေ့လာသင်ယူပြီး ပုသိမ် မြို့ရှိ ဂျပန် အုပ်ချုပ်ရေးရုံး၌ ဂျပန်စကားပြန် အလုပ်ကို နှစ်လခန့် လုပ်ကိုင်ကာ မိခင်ဖြစ်သူအား တဖက်တလမ်းမှ ဝင်ငွေ ရှာဖွေ ပေးခဲ့သည်။ ထို့နောက် စကားပြန်အလုပ်ကို မနှစ်မြို့၍ ပင်ကိုယ် အမျိုးသားရေးစိတ်ကြောင့်ပင် မိခင်ဖြစ်သူအား အကျိုးအကြောင်း ပြောပြကာ ကိုရင် (သာမဏေ) ဝတ်သည်။ ထို့နောက် လူ ထွက်၍ တပ်မတော်ထဲသို့ ဝင်ရန် ဆုံးဖြတ်ခဲ့သည်။

၁၉၄၃ ခုနှစ် နှစ်ကုန်ခန့်တွင် သူရဦးတင်ဦး သည် အသက် ၁၆ နှစ် ပြည့်အပြီး စစ်ထဲဝင်ရန် အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။ ထို့နောက် ဗဟိုကင်းတပ် (ယခု ပဒုမ္မာကွင်း) တွင် ရှိသည့် ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) တွင် တပ်သား အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၄ ခုနှစ် အသက် ၁၇ နှစ် အရွယ်၌ အင်္ဂလိပ် စစ်တန်းလျားဟောင်း (ယခု ရန်ကုန်တိုင်း လွှတ်တော်) နေရာတွင် ဗမာ့တပ်မတော် အချက်ပြတပ်ရင်း၌ ဆက်သွယ်ရေးပညာ သင်ကြားခဲ့သည်။ အချက်ပြ လေ့ကျင့်ရေး တပ်ရင်းတွင် သင်တန်း တက်နေစဉ် မင်္ဂလာဒုံ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်တက္ကသိုလ် တတိယပတ် စစ်သင်တန်း (Third Batch Officer Training School) ၌ ဗိုလ်လောင်းသင်တန်း တက်ခွင့်ရခဲ့သည်။ ယင်းနှစ် နိုဝင်ဘာလ ၁၀ ရက်တွင် တတိယအပတ် ဗိုလ်သင်တန်း ဆင်းအပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) တွင် အလုပ်သင် ပြန်တမ်းဝင် အရာရှိ အဖြစ် ရာထူးခန့်အပ်ခြင်း ခံရသည်။ ဖက်ဆစ်တော်လှန်ရေး တပ်မတော် ပြန်လည် ဖွဲ့စည်းပေးမည့် အစီအစဉ် အရ မျိုးချစ်ဗမာ့တပ်မတော် ဖျက်သိမ်းသည့် အခါ ဇာတိရွာ ပုသိမ်မြို့နယ်၊ ရေကျော်သရက်ကွင်းရွာသို့ ပြန်လာခဲ့ သည်။

၁၉၄၆ ခုနှစ်၌ ကန္ဒီစာချုပ်အရ တပ်ပြန်လည် ဖွဲ့စည်းသည့် အခါ ကန္ဒီစာချုပ်အရ ရွေးချယ်ခန့်အပ် ထားသည့် သတင်း ကြား၍ ပြန်တမ်းဝင် အရာရှိ အဖြစ် (သို့မဟုတ်) အင်္ဂလိပ်ဘုရင့် စစ်တက္ကသိုလ်တွင် ဗိုလ်လောင်း အဖြစ် ကျောင်းတက်ရန် ထောက်ခံထားသည်ကို သိပြီး လျှောက်ထားခဲ့ရာ အရာရှိပေါင်း ၁၅၀ ခန့်အပ်ရာတွင် နောက်ဆုံး ၁၅၀ စာရင်းဖြင့် ပါရှိခဲ့သည်။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော တပ်မတော်တွင် (ကြည်း/၃၆၅၁) ဒုတိယအဆင့် (Second Lieutenant) ပြန်တမ်းဝင်အရာရှိ အဖြစ် စတင် ခန့်အပ်ခံရသည်။ ထို့နောက် ဗြိတိသျှ စစ်တပ်မှ အရာရှိများ သင်ကြားသည့် အရာရှိ အခြေခံစစ်ပညာ သင်တန်း တက်ရောက်ခွင့် ရရှိခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဗမာ့သေနတ်ကိုင်တပ်ရင်း (၁) ၌ ဒုဗိုလ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ သည်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလမှ ၁၉၄၈ ခုနှစ် ဇန်နဝါရီလလယ်ထိ စင်ကာပူနိုင်ငံရှိ ဗြိတိသျှအရှေ့ဖျား တပ်များ ဆိုင်ရာ ဌာနချုပ်မှ ဦးစီးဖွင့်လှစ်သည့် တပ်မှူး ငယ်တာဝန် သင်တန်းတွင် တက်ရောက်ခဲ့သည်။

၁၉၄၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် လက်နက်ကိုင်တပ်များ လေ့ကျင့်ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး၊ ဗိုလ်မှူးကြီး ဗထူး ဦးစီးသည့် တပ်တွင် စစ်မြေပြင် တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။

၁၉၄၉ ခုနှစ် ဇွန်လ ၂၂ ရက်နေ့၌ ဗမာ့ သေနတ်ကိုင် တပ်ရင်း ၁ တွင် တပ်ခွဲမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၅၄-၅၅ ခုနှစ်တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသို့ ကျူးကျော် ဝင်ရောက်လာခဲ့သည့် တရုတ်ဖြူ (ကူမင်တန်) တပ်များကို ရွပ်ရွပ်ချွံချွံ တွန်းလှန် တိုက်ခိုက်ခဲ့သည်။ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ကွယ်လွန်) ဦးစီးသော ရန်ကြီးအောင် စစ်ဆင်ရေးတွင် ထိုင်းနယ်စပ်ရှိ ပေ ၇၀ဝ၀ မြင့်သော လွယ်တွမ်ကြီး တရုတ်ဖြူ (ကူမင်တန်) စခန်းသို့ တက်တိုက်ပြီး ပြည်ထောင်စု နိုင်ငံတော်အလံကို ခဲရာခဲဆစ် စိုက်ထူနိုင်ခဲ့သည်။ ယင်းသို့ တိုက်ထုတ်နိုင်မှုကြောင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ဦးတင်ဦးအား သီဟသူရဘွဲ့ ပေးအပ်ရန် ထောက်ခံ အဆိုပြုခဲ့သော်လည်း သူရဘွဲ့သာ ပေးအပ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၁၉၅၄-၅၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဒုဗိုလ်မှူးကြီး ရာထူးသို့ တိုးမြှင့်ခြင်း ခံခဲ့ရသည်။

၁၉၅၆ ခုနှစ် ရှမ်းပြည်၊ တောင်ကြီး၊ လွမ်လင် မြို့၌ သူရဦးတင်ဦးသည် တပ်ရင်းမှူး အဖြစ် တာဝန် ကျသည်။

၁၉၅၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တပ်မတော်ကြည်း ဗိုလ်သင်တန်းကျောင်း (ဗထူး) ကျောင်းသို့ ကျောင်းအုပ်ကြီး အဖြစ် ပြောင်းရွှေ့ခဲ့ရသည်။

၁၉၅၈ ခုနှစ်တွင် ရခိုင်တိုင်း တပ်ပေါင်းစုမှူးနှင့် ယခင် ရခိုင်တိုင်း (ယခု ရခိုင်ပြည်နယ်) တွင် တရားမဲ့ ဝင်ရောက်နေ သည့် ဘင်္ဂါလီများ နှင်ထုတ်ခြင်းဖြင့် မိမိနိုင်ငံ အချုပ်အခြာ နယ်နိမိတ်ကို ပြင်းထန်စွာ ကာကွယ်စောင့်ရှောက်ခဲ့သည်။ စစ်ဆင်ရေးများ ပြုရင်း တဖက်၊ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ) နယ်နမိတ် အငြင်းပွားရင်း လက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲများ ဆင်နွှဲ၍ အောင်ပွဲရခဲ့သည်။ ယင်းနယ် နိမိတ်ကို နှစ်နိုင်ငံ တိုင်းထွာ အတည်ပြုရင်း ကျေးကျွန်များ အားလုံး ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ် အသိအမှတ်ပြု လက်မှတ်ထိုးလျက် ရခိုင်ပြည်နယ် တလျှောက်လုံး မြန်မာပိုင်နက် အဖြစ် အသိအမှတ်ပြုသည် အထိ ဆောင်ရွက်ခဲ့သည်။

၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် ဇနီး ဖြစ်သူ ဒေါက်တာ တင်မိုးဝေနှင့် အိမ်ထောင်ကျသည်။

၁၉၆၀-၆၁ ခုနှစ်တွင် အမှတ် ၁၃ တပ်မဟာမှူး အဖြစ် ထပ်မံပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရကာ ဗိုလ်မှူးကြီး ရာထူးသို့ တိုးမြှင့်ခြင်း ခံရသည်။

၁၉၆၂ ခုနှစ် ဦးနေဝင်း အစိုးရက အာဏာသိမ်းသည့် မတ်လ ၂ ရက်နေ့တွင် သူရဦးတင်ဦးသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး အဖြစ် မော်လမြိုင်တွင် တာဝန်ကျနေသည်။

၁၉၆၃ ခုနှစ် မတ်လ ၁၄ ရက်နေ့မှ စက်တင် ဘာလ ၁၈ ရက်နေ့ထိ အနောက်တောင်တိုင်း စစ် ဌာနချုပ် တိုင်းမှူး တာဝန်ဖြင့် ရာထူးတိုးမြှင့်ပေး အပ်ခြင်း ခံရသည်။

၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့ တာဝန် ပေးအပ်ခြင်း ခံရသည်။ ယင်းနှစ်တွင် သူရဦးတင်ဦးအား ကြေညာချက်အမှတ် (၅၉) ဖြင့် တော်လှန်ရေးကောင်စီက တော်လှန်ရေးကောင် စီဝင်အဖြစ် ခန့်အပ်ခဲ့သည်။ ထို့နောက် စက်တင်ဘာလ ၂၈ ရက်တွင် တော်လှန်ရေးကောင်စီဝင် သူရ ဦးတင်ဦးသည် မြန်မာအဖွဲ့ကို ဦးဆောင်က တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် ၁၅ နှစ်ပြည့်ပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါပွဲတော်တွင် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုန်းနှင့် တွေ့ဆုံခဲ့သည်။

၁၉၆၆ ခုနှစ်တွင် တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဦးနေဝင်းနှင့် အတူ အမေရိကန်၊ အင်္ဂလန်၊ ဂျပန် စသည့်နိုင်ငံများသို့ သွားရောက်ခဲ့သည်။ ယင်းခရီး စဉ်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။

၁၉၆၇ ခုနှစ် တရုတ်-ဗမာ အရေးအခင်း ဖြစ်ပွား ချိန်တွင် သူရဦးတင်ဦးသည် ပဲခူးတိုင်း တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန် ယူနေချိန်ဖြစ်သည်။

၁၉၇၂ ခုနှစ် ဧပြီလ ၂၀ ရက်တွင် ဗိုလ်မှူးချုပ် ရာထူးသို့ တိုးမြှင့်ခံရပြီး ဒုတိယ ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။

၁၉၇၄ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၁၉၇၆ ခုနှစ် မတ်လ ၆ ရက်နေ့ အထိ ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ပထမအကြိမ် အစည်းအဝေးမှ သူရဦးတင်ဦးကို ဗိုလ်ချုပ်ကြီး ရာထူးဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရာထူး ပေးအပ်ခဲ့သည်။ တပ်မတော်၏ ထိပ်ပိုင်း အကြီးဆုံး ရာထူးကို ရရှိချိန်၌ သူရဦးတင်ဦး၏ အသက်သည် ၄၇ နှစ်သာ ရှိသေးသည်။

၁၉၇၄ ခုနှစ် ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ်ဟောင်း ဦးသန့် ဈာပနအရေးအခင်း၊ အလုပ်သမား အရေးအခင်းများတွင် ပြည်သူလူထု အထိအခိုက် နည်းအောင် ဆောင်ရွက်ခဲ့သဖြင့် ပြည်သူ လူထု၏ ကြည်ညိုလေးစားမှုကို ရရှိခဲ့သည်။

၁၉၇၆ ခုနှစ် မတ်လတွင် သူရဦးတင်ဦးသည် ကာကွယ်ရေး ဦးစီးချုပ် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ထိုအချိန်တွင် သူရဦးတင်ဦး၏ သားဖြစ်သူ မောင်ထွန်းနိုင်ဦး နှလုံးရောဂါဖြင့် ကွယ်လွန်ပြီး ရက်ပိုင်းမျှ သာရှိသေးချိန်ဖြစ်သည်။

၁၉၇၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဗိုလ်ကြီး အုန်းကျော်မြင့်၏ နိုင်ငံတော်ပုန်ကန်မှု၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအား ဖျက်ဆီးရန် ကြံစည်မှုများတွင် သတင်းထိန်ချန်မှုနှင့် ပတ်သက်၍ အင်းစိန်မြို့ အကျဉ်းထောင်အနီးရှိ အထူးတရားရုံးတွင် ရန်ကုန်တိုင်း တရားသူကြီးအဖွဲ့က သူရဦးတင်ဦးကို ပြစ်ဒဏ် ၇ နှစ် ချမှတ်လိုက်သည်။

၁၉၈၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့တွင် ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်ရေး အထိမ်းအမှတ်ဖြင့် လွတ်ငြိမ်းချမ်းသားခွင့် ရရှိခဲ့သည်။ ထောင်မှလွတ် လာပြီး နောက်တနေ့ ဇွန်လတွင် သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး ဝိပဿနာတရား အားထုတ်ခဲ့ရာ ၂ နှစ်ခန့် ကြာမြင့်ခဲ့သည်။

၁၉၈၂ ခုနှစ် သာသနာ့ဘောင်မှ ထွက်ကာ ဥပဒေပညာကို လေ့လာသင်ယူ ဆည်းပူးခဲ့သည်။

၁၉၈၄-၈၆ ခုနှစ်များအတွင်း ဥပဒေမှတ်ပုံ တင်လက်မှတ် Register Law (R.L) နှင့် ဥပဒေ ပညာဘွဲ့ (LL.B) ကို ရရှိခဲ့သည်။

၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက် လူထု အရေးတော်ပုံကြီး ဖြစ်ပွားချိန်တွင် တပ်မှူးဟောင်းကြီးများ ပါဝင်သည့် မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အထွေထွေရောဂါကု ဆေးရုံကြီး၊ အရေးပေါ်ဌာနရှေ့၌ ဒီမိုကရေစီ ရရှိရေးနှင့် စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးများကို ဆန္ဒပြနေသော ပြည်သူလူထုကြီးအား စည်းရုံး ဟောပြောခဲ့ရာ ပြည်သူ လူထု၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည်။ အဆိုပါ လူထုစည်းရုံး ဟောပြောပွဲမှ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်သို့ ဒုတိယအကြိမ် ပြန်လည် ရောက်ရှိလာ ခဲ့တော့သည်။

ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗဟန်းမြို့နယ်၊ ဝင်္ကဘာလမ်း၊ အမှတ် ၁၀ နေအိမ်တွင် အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ (ယာယီ) တွင် အထွေထွေ အတွင်းရေးမှူး အဖြစ် ပါဝင်ခဲ့သည်။ အဆိုပါ အဖွဲ့မှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် နုတ်ထွက်ခဲ့သည်။ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ၂၇ ရက်နေ့ တွင် တရားဝင်မှတ်ပုံတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် (ဥက္ကဋ္ဌ ဦးအောင်ကြီး နုတ်ထွက် သွားသဖြင့်) သူရဦးတင်ဦးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၁၀(ခ) ဖြင့် သူရဦးတင်ဦးအား နေအိမ်အကျယ် ချုပ်ချခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် အထူး စစ်ခုံရုံး အမှတ် ၅ မှ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ပြစ်ဒဏ်ပြည့် ခါနီး နောက်ထပ် စစ်ခုံရုံး အတင်ခံရပြီး စွဲဆိုခဲ့သည့် စွဲချက်များအတိုင်း ဒုတိယအကြိမ် ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။

၁၉၉၅ ခုနှစ်တွင် အင်းစိန် အကျဉ်းထောင်မှ ပြန်လွတ်လာခဲ့သည်။ ယင်းနှစ် အောင်တိုဘာလ ၉ ရက်တွင် ပြန်လည် ဖွဲ့စည်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတွင် ဒုဥက္ကဋ္ဌအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့သည်။