ထူးအိမ်သင် (၁၉၈၀ - ၂၀၀၄)

Listing Description

အဘဦးထွန်းမြင့်နှင့် အမိဒေါ်မြရင်တို့မှ ၁၉၆၃ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ ၆ ယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီးစသည်ဖြင့် ချစ်စနိုးခေါ်ဝေါ်ကြသည်။ ထူးအိမ်သင်၏ဇနီးမှာ မသွယ်⁠သွယ်ထွေးဖြစ်ပြီး သူ၏တစ်ဦးတည်းသော သမီးအမည်မှာ မိကွန်ထော ဖြစ်သည်။

အ.မ.က (၂၀) ပုသိမ်တွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ.ထ.က (၃) ပုသိမ်မှ အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ဒေသကောလိပ် သို့တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် မိသားစုနှင့်အတူ မော်လမြိုင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် မော်လမြိုင်တက္ကသိုလ် မှ ရုက္ခဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။

မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။၁၉၈၆ ခုနှစ်တွင် နာရီပေါ်မှမျက်ရည်စက်များ စီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားခဲ့သည်။ အခြားတစ်ကိုယ်တော် တေးစီးရီးများမှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ကောင်းကင်၊ မြို့ပြလရောင်တမ်းချင်း၊ ဝင်ရိုးစွန်းမီး၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင်ရက်စွဲများ၊ တစ်နေ့စာအလွဲများ၊ ချစ်ခြင်းအားဖြင့် စသည်တို့ဖြစ်သည်။  လင်းထက်၊ သျှပ်မှူးကျော် ကလောင်အမည်များဖြင့် ကဗျာများလည်း ရေးသားခဲ့သည်။

၁၉၈၈ အရေးအခင်းအပြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၌ ပြန်ကြားရေးတာဝန်ခံအဖြစ် အဆိုတော် မွန်းအောင်‌ နှင့် အတူ ခေတ္တမျှ တာဝန်ထမ်းဆောင်ခဲ့သည်။ "အရေးကြီးပြီ" ဆိုသောတိုက်ပွဲဝင်သီချင်းကို ထိုစဉ်ကရေးစပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မြို့ပေါ်သို့ပြန်လာပြီး အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀⁠၀၄ ခုနှစ် နံနက် ၁၁:၄၀ အသက်‌ ၄၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။