မြေဘုံသာဘုရားလှ

Listing Description

မြေဘုံသာဘုရားလှသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသ၊ အနော်ရထာလမ်းမအနီး၊ ရွှေဆံတော်ဘုရားနှင့် လောကထိပ်ပန်ဘုရား၏ အရှေ့မြောက်ဘက်၌ တည်ရှိပြီး လောကမုနိ မြေဘုံသာဘုရားဟုလည်း အမည်ရှိပါသည်။ မြေဘုံသာဘုရားလှသည် တည်ဆောက်ပုံ ဗိသုကာလက်ရာ ထူးခြားခြင်းနှင့် အဆင်တန်ဆာအားဖြင့် ကောင်းမွန်ခြင်း၊ အတွင်း၌ နံရံဆေးရေးပန်းချီများဖြင့် အလှတန်ဆာဆင်ထားရှိခဲ့ပါသည်။ အပြင်ဘက်ရှိ ဘီလူးပန်းဆွဲများ၊ အင်္ဂတေရုပ်ကြွ ပန်းအလှများ၊ အင်္ဂတေပန်းများဖြင့် တန်ဆာဆင်ထားသော မုခ်ကပ်ငယ်များ၊ ပြတင်းဘောင်များ၊ ပန်းဝိုင်းဖောက် ကျောက်ပြတင်းများမှာ လက်ရာအထူးကောင်းမွန်လှပါသည်။ အပြင်ဘက်တွင် အင်္ဂတေဘီလူးပန်းဆွဲပုံများ တန်ဆာဆင်ထား သကဲ့သို့ အတွင်းတွင်လည်း ပန်းဆွဲများဖြင့် ပန်းချီရေးခြယ်တန်ဆာဆင်ထားသည်ကို လေ့လာနိုင်ပါသည်။ ထို့အပြင် အပေါ်ထပ်အတွင်းလိုဏ်တွင် ကြာပန်းကိုင်ပူဇော်နေသောဟန် ရဟန်းသာဝကများ၏ နံရံဆေးရေးပန်းချီများကိုလည်း တွေ့ရှိရပါသည်။ လိုဏ်အတွင်း၌ ဘုရားလောင်း ဖွားတော်မူခန်း ရုပ်တုရှိပြီး အလယ်မဏ္ဍိုင်ရှိ ကြာပလ္လင်၊ ကြာဖက်များ၏ လက်ရာမှာ ကောင်းမွန်လှပပါသည်။ အောက်ခြေတွင် ကျောက်ဗြဟ္မာရုပ်များဖြင့် တန်ဆာဆင်ထားသည်မှာလည်း ထူးခြားလှပါသည်။