ခေတ်နှင့်အတူ ပြောင်းလဲတိုးတက်လာသော စိတ်ကျန်းမာရေးဆေးရုံကြီး(မန္တလေး)

Listing Description

လူသားများအတွက် ကာယသုခနှင့် စိတ္တသုခဟူ၍ ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်း နှစ်မျိုးရှိပေရာ ကာယသုခဟု ဆိုအပ်သော ကိုယ်၏ ကျန်းမာခြင်း၊ စိတ္တသုခဟု ဆိုအပ် သော စိတ်၏ချမ်းသာခြင်းတို့တွင် စိတ်ချမ်းသာမှုက မူလပထမဖြစ်ပြီး စိတ်ချမ်းသာ စိတ်ကျန်းမာပါမှ မိမိ၏ ကိုယ်ခန္ဓာကြီးကလည်း ကျန်းမာမည် ဖြစ်ပေသည်။

ထို့ကြောင့် စိတ်ချမ်းသာရေး စိတ်ကျန်းမာရေးသည် မူလပထမဖြစ် ရာ စိတ်ကျန်းမာရေး ဆေးရုံကြီးများ သည် စိတ်မကျန်းမာသူများအတွက် အထူးပြုစုကုသပေးရာ စောင့်ရှောက် ရာ ဌာနကြီးတစ်ခုဟုဆိုပါက မှားလိမ့် မည် မထင်ပေ။

စာရေးသူအနေဖြင့် စိတ်ကျန်းမာရေးဆေးရုံကြီး(မန္တလေး)သို့ ယခင် အကြိမ်နှင့် ယခုအကြိမ်ပါဆိုလျှင် နှစ်ကြိမ်မြောက် ရောက်ခဲ့ရပြန်ပါပြီ။ ပထမအကြိမ် ရောက်ခဲ့စဉ်က ၂၀၁၀ ပြည့်နှစ်က မိတ်ဆွေတစ်ဦး စိတ်မကျန်းမာဖြစ်နေ၍ အဖော်အဖြစ် လိုက်ပါခဲ့စဉ်က ဖြစ်သည်။ ယခု ၂၀၂၁ ခုနှစ်တွင် တစ်ကြိမ်ထပ်ရောက်ရသည် မှာမူ ဆွေမျိုးကဲ့သို့ ဖြစ်သော အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆေးကုသ ခံယူရင်း ရောက်ခဲ့ရခြင်းဖြစ်သည်။

ယခုတစ်ခါ စိတ်ကျန်းမာရေးဆေးရုံကြီး(မန္တလေး)သို့ ရောက်ခဲ့ချိန်တွင် အံ့ဩယူရလောက်အောင် ယခင် စိတ်ကျန်းမာရေးဆေးရုံကြီး(မန္တလေး)မှ ဟုတ်ပါ့မလားဟုပင် စိတ်ဝယ် ထင်ယောင်မှားမိသည်အထိ ဖြစ်ခဲ့ရ သည်။

စိတ်သက်သာရာရစေ

အဘယ်ကြောင့် အံ့ဩရပါ သနည်းဆိုသော် ယခင်တစ်ကြိမ် ရောက်ခဲ့စဉ်ကနှင့် ယခုစိတ်ကျန်းမာ ရေးဆေးရုံကြီး(မန္တလေး)ကို မြင်တွေ့ ရပုံက များစွာ ကွာခြားလွန်းလှနေ၍ ဖြစ်သည်။ ယခုတစ်ကြိမ် မြင်တွေ့ရ သည့် စိတ်ကျန်းမာရေးဆေးရုံကြီး (မန္တလေး)မှာ ပန်းမျိုးစုံအစီအရီ ဖူးဖွင့် မှုနှင့် အမြင်ဆန်းစွာ လှပတင့်တယ် နေသည်က အမှန်ပင်။ ဤသည်ကို မြင်တွေ့နေရသူများ၏ စိတ်ဝယ် ပေါ့ပါးကြည်နူးမှုဖြစ်စေ မည်ကလည်း မလွဲဧကန်ပင်။ ယင်းပန်းခင်းများ ကြောင့် စိတ်ကျန်းမာရေးဆေးရုံကြီး သို့ လာရောက်ကုသမှုခံယူသော စိတ်မကျန်းမာသူများစွာကို စိတ် သက်သာရာရစေသည်ဟု သိရသည်။

ငွေကြေးကုန်ကျမှုသက်သာ

စိတ်ကျန်းမာရေး ဆေးရုံကြီး (မန္တလေး)၏ ဆေးရုံဧရိယာဝင်း အတွင်း၌ ကျန်းမာရေးဝန်ထမ်းများ အတွက် ရာသီပေါ်သီးနှံစိုက်ခင်းများ ကို စီစီရီရီနှင့် စိုက်ပျိုးထားသည်ကို လည်း မြင်တွေ့ရသည်။ ထိုသီးနှံ စိုက်ခင်းများစွာတို့မှာလည်း ကျန်းမာ ရေးဝန်ထမ်း မိသားစုများအတွက် ငွေကြေးကုန်ကျစရာမလိုဘဲ ကျန်းမာ ရေးနှင့်ညီညွတ်သော စားသုံးသီးနှံများ ရရှိစေသည်။

စိတ်ကျန်းမာရေး ဆေးရုံကြီး (မန္တလေး)ကို မန္တလေးခရိုင် အမရပူရ မြို့နယ် တောတွင်းကျေးရွာအနီးတွင် ဆောက်လုပ်ထားကာ ဆေးရုံကြီး၏ အကျယ်ဧရိယာမှာ ၃၈ ဒသမ ၁၁ ဧက ရှိပြီး ယခင်က ခုတင် ၅၀ ဆေးရုံ ဖြစ် သည်။ ယခုအခါတွင်မူ ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီး ဖြစ်နေပေပြီ။

စိတ်ကျန်းမာရေး ဆေးရုံကြီး (မန္တလေး)၌ ဆေးရုံအုပ်ကြီးအဖြစ် ဒေါက်တာ ဒေါ်အေးသူအောင်က ၂၀၁၇ခုနှစ်တွင်တာဝန်ယူခဲ့ပြီး တာဝန် ယူသည့်နှစ်မှာပင် ဝန်ကြီးဌာနက ချပေးသော ဆေးဝါးများကို ‘‘ အခမဲ့ ဆေးပေးရန်’’ နေရာသတ်မှတ်၍ လူနာများအား စနစ်တကျပေးရန် ဆောင်ရွက်ပေးခြင်း၊ အခမဲ့ရနိုင်သော ဆေးဝါးများ၏ အမည်စာရင်းကို ပွင့်လင်းမြင်သာစွာဖြင့် ဗီနိုင်း များ ချိတ်ဆွဲကပ်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့အပြင် ၂၀၁၇ ခုနှစ်မှာပင် စားဖိုဆောင်ကို စတင်တည်ဆောက် ၍ နိုင်ငံတော်ဘတ်ဂျက်နှင့် အလှူရှင် များ၏ ပံ့ပိုးကူညီမှုဖြင့် ဆေးရုံတက် လူနာများအား အာဟာရဒါနအခမဲ့ ကျွေးမွေးနိုင်ခဲ့သည်။ ဝန်ထမ်းအိမ်ရာ အနေဖြင့်လည်း ခြောက်ခန်းတွဲ လေးထပ်နှင့် ရှစ်ခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာများ တောင်းခံခဲ့ရာ ယခုအခါရရှိလာပြီဖြစ်သဖြင့် ဝန်ထမ်း များအတွက် အခန်းများ ရရှိလာပြီး နေထိုင်ရေး အခက်အခဲ မရှိတော့ ကြောင်း သိရသည်။

ယခင်က ဖုန်းဆိုးမြေ ကျတ်တီး ကုန်းနှင့် တောကဲ့သို့ ဖြစ်နေသော၊ အဆိပ်ရှိသောမြွေဆိုးများ ခိုအောင်း နေသော ဆေးရုံအတွင်းရှိ မြေနေရာ လွတ်များကို ဝန်ထမ်းများကို ချဲ့ထွင် ရှင်းလင်းစေပြီး ဆေးရုံစားဖိုဆောင် နှင့် ဝန်ထမ်းများ စားသုံးနိုင်ရန် အတွက် ရာသီပေါ် သီးနှံပင်များ၊ အရိပ်ရအပင်များ၊ သီးပင်စားပင် သစ်သီးဝလံပန်းမန်များ စိုက်ပျိုး ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ဝန်ထမ်းများစိတ်ပျော်ရွှင်

ဝန်ထမ်းများ၏ စိတ်ပျော်ရွှင်မှုနှင့် လုပ်ငန်းခွင်စိတ်ကျေနပ်မှု ရရှိစေရေး အတွက် တစ်နှစ်တစ်ကြိမ်ခရီးစဉ်များ စီစဉ်ပြုလုပ်ပေးကြောင်းလည်း သိရှိ ရသည်။ ဤကဲ့သို့ စိတ်ကျန်းမာရေးဆေးရုံကြီး(မန္တလေး)ကို သန့်ရှင်းလှပ အောင် တဖြည်းဖြည်းလုပ်ဆောင်ခဲ့ သူမှာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်အေးသူအောင်ပင် ဖြစ်သည်။

စိတ်ကျန်းမာရေး ဆေးရုံကြီး (မန္တလေး)သို့ ဒုတိယအကြိမ် ရောက်ရှိ ခဲ့ချိန်တွင် ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်အေးသူအောင်၏ ဦးဆောင်မှုဖြင့် ဆေးရုံဝင်းအတွင်း သီးပင်စားပင်များ၊ ပန်းမန်များ စိုက်ပျိုးခြင်းဖြင့် သန့်ရှင်း လှပအောင် ဆောင်ရွက်ထားသလို ဆရာဝန်ကြီးများ၊ ဆရာမများ၊ ဝန်ထမ်း များကလည်းဆေးရုံသို့ လာရောက်ကြ သည့် လူနာများအား စေတနာအရင်းခံ ၍ မေတ္တာဖြင့် စောင့်ရှောက်ကုသပေးနေမှုများကိုလည်း မြင်တွေ့ကြား သိခဲ့ရပါကြောင်း။ ။

မောင်မောင်စိုး(မြစ်ငယ်)