ရှင်စောပု ဆုတောင်းပြည့်ဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၏ အနောက်ဘက်မုခ်နှင့် မြောက်ဘက်မုခ်ကြား ရာဟုထောင့်တွင် တည်ရှိပါသည်။ ရွှေချသော အုတ်ဖြူစေတီ ၆ ဆူအနက် ဉာဏ်တော်အမြင့်ဆုံး စေတီမှာ ရှင်စောပုစေတီ ဖြစ်သည်။ ဟံသာဝတီပြည့်ရှင် ဘုရင်မကြီးရှင်စောပု တည်ခဲ့သောကြောင့် ရှင်စောပုစေတီဟု အမည်တွင်သည်။ ထိုစေတီရှိရာ အုတ်ဖိနပ်ပေါ်သို့ အမျိုးသားများသာ တက်ရောက်၍ ဖူးမြော်နိုင်သည်။

ထိုစေတီ၏ ဂန္ဓကုဋီတိုက်ဖြစ်သော အုတ်ပြာသာဒ်အတွင်းရှိ ရုပ်ပွားတော်ကို 'ရှင်စောပု ဆုတောင်းပြည့်ဘုရား' ဟု ခေါ်သည်။ တောင်ဘက်သို့ မျက်နှာပြုသော ဂန္ဓကုဋီတိုက် ဖြစ်သည်။ ထိုဘုရားရှေ့တွင် ဝတ်ပြုရန် ဇရပ်ငယ်ကလေး ရှိ၏။ ရှေးက ဘုရားအနီးတွင် စံကားစိမ်း၊ စံကားဝါ စသော စံကားပင် လေးပင် ရှိခဲ့ဖူးသော်လည်း ယခုအခါ တစ်ပင်သာ တွေ့ရတော့သည်။ ထိုအပင်မှာ ဆင်းတုတော် ကျောဘက်ရှိ ရှင်စောပုစေတီ၏ဉာဏ်တော်ကို မည်သည့်အခါမျှ မကျော်လွန်ဘဲရှိသည်။ ဥတုသုံးပါးလုံး ပန်းများ ပွင့်သည်ဟု ဆိုကြသည်။