ချောင်းဆုံမြို့နယ်၌ အေးချမ်းစွာ ဆန္ဒမဲများပေး

Listing Description

ချောင်းဆုံ နိုဝင်ဘာ ၈

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၆ နာရီမှစတင်၍ ဒေသခံပြည်သူများ အေးချမ်းစွာ ဆန္ဒမဲလာရောက်ပေး လျက်ရှိကြောင်း သိရသည်။

ပြည်သူများ ဆန္ဒမဲပေးရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက စောင့်ကြည့်ရေးကိုယ်စားလှယ်၊ မဲဆန္ဒ ရှင်ပြည်သူများ၏ ရှေ့မှောက်တွင် မဲပုံးအလွတ်ဖြစ်ကြောင်း ပြသခြင်း၊ မဲပုံးအား လုံခြုံရေးကြိုးပိတ်ခြင်းတို့ကို ဆောင်ရွက်ကာ မဲရုံဖွင့်လှစ်ခဲ့ပြီး မဲရုံ အသီးသီးသို့ လာရောက် ဆန္ဒမဲပေးသူ များကိုလည်း ကိုဗစ်−၁၉ ကာကွယ်နိုင် ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိသည်။

ချောင်းဆုံမြို့နယ် ရပ်ကွက်၊ ကျေးရွာ ၄၆ အုပ်စုရှိ မဲဆန္ဒနယ်မြေ နှစ်ခုတို့တွင် မဲရုံ ၇၅ ရုံဖွင့်လှစ်ထားပြီး နိုင်ငံရေးပါတီ ငါးပါတီနှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ် တစ်ဦး ဝင်ရောက် ယှဉ်ပြိုင်ကြကာ မြို့နယ်အတွင်း မဲပေးခွင့်ရှိသူ ဦးရေ ၁၃၂၅၅၂ ဦးရှိ ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ကေအေ(ပြန်/ဆက်)