အပန်းဖြေစရာနေရာတစ်ခုအဖြစ် လာရောက်သူများလာသည့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်က ဇီးကုန်းကျေးရွာ

Listing Description

ချောင်းဆုံ ဇန်နဝါရီ ၁၃

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ယခင်က ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သော ကျေးရွာတစ်ရွာဖြစ်သည့် ဇီးကုန်းကျေးရွာသည် ယခုအခါ ဇီးကုန်းကမ်းခြေ (အောက်ပုံ) နေရာတစ်ခုအဖြစ် လူများစိတ်ဝင်စားပြီး အပန်းဖြေစရာနေရာတစ်ခုကဲ့သို့ လာရောက်လည်ပတ်သူများလာကြောင်း ဒေသခံများထံမှ သိရသည်။

“ချောင်းဆုံကနေလာရင်တော့ မော်တော်ဆိုင်ကယ် နဲ့ဆို အနည်းဆုံး နာရီဝက်လောက်တော့ မောင်းရတယ်။ အရင်က သွားရေးလာရေးခက်ခဲတဲ့ အခြေအနေတွေမှာဆို ဆိုင်ကယ်နဲ့သွားဖို့တောင် ခက်ခဲတာတွေ ရှိခဲ့တာပေါ့။ မိုးတွင်းဘက်တွေမှာဆို လှေနဲ့ လာရောက်ရတာတွေ၊ ကုန်တွေကို ပို့ဆောင်ရတာတွေ အခက်အခဲရှိခဲ့တယ်။ အရင်နှစ်တွေကစပြီးတော့ ကျေးလက်လမ်းဦးစီးက လမ်းတံတား ဆောက်လုပ်ခဲ့တော့ ရွာအတွက် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေလာတယ်” ဟု ဇီးကုန်ကျေးရွာနေ သူ တစ်ဦးက ပြောသည်။

ဇီးကုန်းကျေးရွာတွင် ယခင်ကတည်းက ပင်လယ် ငါးဖမ်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကာ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များ ထွက်ရှိ၍ အမြို့မြို့ အနယ်နယ်သို့ ရောင်းချလျက်ရှိပြီး ယခုအချိန်ထိ အဆိုပါ လုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

“ကမ်းခြေကတော့ ရှိနေတာကြာပါပြီ။ အခုနှစ်တွေ မှာ ကမ်းခြေတစ်ခုအနေနဲ့ စိတ်ဝင်စားလာကြတယ်။

လာရောက်လည်ပတ်ကြတဲ့ လူတွေကနေတစ်ဆင့် တဖြည်းဖြည်းလူသိများ လာတာပဲ ဆိုရမှာပေါ့။ လမ်းကောင်းလာတဲ့အတွက်ကြောင့်လည်း ဒေသကထွက်တဲ့ ကုန်ပစ္စည်းတွေကို မြို့ပေါ်တက်ရောင်းတာတွေရှိတော့ ဝင်ငွေပိုရလာတယ်။ ကမ်းနားကို လူတွေက လာရောက်တဲ့သူတွေရှိလာတော့ ဒေသခံတွေအနေနဲ့ ဈေးတွေ ရောင်းလာတာလည်းရှိလာတော့ အပိုငွေတွေရတယ်ဆိုတာ သိလာ ကြတယ်။ အရင်ကနဲ့မတူဘဲ စည်စည်ကားကားလေးဖြစ်လာတယ်” ဟု ဇီးကုန်ကျေးရွာမှ ဒေါ်တင်တင်ခိုင် က ပြောသည်။

မုရစ်ကြီး-ဇီးကုန်းလမ်းကို ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်းဦးစီးဌာနက တင်ဒါအောင်မြင်ခဲ့သည့် မဟာယန္တရား ကုမ္ပဏီလီမိတက်က ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း ၃၇၀ ဒသမ ၅၄ သန်းဖြင့် တာဝန်ယူ ဖောက်လုပ်ခဲ့ပြီး အဆိုပါ လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ယခုအခါ ဒေသတွင်း ထွက်ကုန်များ ဝယ်ယူနိုင်ကာ အပန်းဖြေစရာနေရာတစ်ခုအဖြစ် လာရောက်လည်ပတ်သူ များလာကြောင်း သိရသည်။ မြို့နယ် (ပြန်/ဆက်)