ကျိုက်မုလအိစေတီတော်

Listing Description

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၆၅၇၈ ပေရှိသော မုလအိတောင်ထိပ်တွင် တည်ရှိပါသည်။ စေတီတော်တည်ရှိရာ မုလအိတောင်သည် ကရင်ပြည်နယ်အတွင်း အမြင့်ဆုံးတောင်ဖြစ်သည်ဟု သိရသည်။ စေတီတော်သမိုင်းအရ မြတ်စွာဘုရားရှင်နှင့် နောက်ပါရဟန္တာများ သုဝဏ္ဏဘူမိသို့ ကြွချီလာစဉ် ဆံတော်များပေးအပ်ချီးမြှင့်ခဲ့ရာ ကျိုက်ထီးရိုးတောင်၌ နေထိုင်သော တိဿရသေ့၊ ဇွဲကပင်တောင်တွင်နေထိုင်သော သီဟရသေ့နည်းတူ မုလအိတောင်တွင် နေထိုင်သော ကပ္ပရသေ့သည်လည်း ဘုရားရှင်၏ဆံတော် တစ်ဆူရရှိခဲ့ပါသည်။ ကပ္ပရသေ့သည် မိမိရရှိသော ဆံတော်တစ်ဆူကို ကျိတ်မြို့ကိုအစိုးရသော ကလာပုမင်းနှင့် တိုင်ပင်၍ မဟာသက္ကရာဇ် ၁၁၄ ခုနှစ်တွင် မုလအိတောင်ထိပ်ရှိ အရှေ့အနောက် အတောင် ၄၀၊ တောင်မြောက် ၂၅ တောင်အကျယ်ရှိသောနေရာ၌ ကျောက်တုံး၊ ကျောက်ခဲ၊ အင်္ဂတေ၊ သရွတ်တို့ဖြင့် သုတ်လိမ်းကာ ဌာပနာတိုက်ကို ပြုလုပ်၍ ဖိနပ်တောင် ၁၀ တောင်၊ ဉာဏ်တော် ၁၅ တောင်ရှိသော ကျောက်စေတီတစ်ဆူကို တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်၏ ဘွဲ့တော်မှာ မွန်ဘာသာဖြင့် ''ကျိုက်မုလအိ'' ခေါ်ပြီး မြန်မာဘာသာအရ ''အမြဲထင်ပေါ်သောဘုရား'' ဟု အဓိပ္ပာယ်ရပါသည်။ မူလက မုလအိစေတီတော်မှာ တစ်ဆူသာ ရှိသော်လည်း လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် စေတီငယ်တစ်ဆူ ထပ်မံတည်ဆောက်၍ မူလအိစေတီညီနောင်ဟူ၍ အမည်တွင်သည်။ မုလအိစေတီတော်တည်ရှိရာ တောင်ထိပ်ပေါ်သို့ တက်ရောက်ရန် အလွန်ကျဉ်းမြောင်းသော ချောက်ကမ်းပါး တောင်စွယ်တစ်နေရာကို ဖြတ်ကျော်ရပြီး ထိုနေရာသည် တောင်အောက်မှလေများ ပြင်းထန်စွာ တိုက်ခတ်သဖြင့် မုလအိစေတီရှိရာ တောင်ထိပ်ပေါ်သို့ မတက်ရောက်နိုင်သူများအတွက် မုလအိစေတီသို့မရောက်မီ အမြင့်ပေ ၁၀၀ ကျော်၌ ကိုယ်စားစေတီတစ်ဆူကို တည်ထားပေးခြင်းဖြစ်သည်ဟု ဆိုပါသည်။