မလုံးဖြစ်ဂူဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသ၊ မင်းနန်သူရွာအနီးတွင် တည်ရှိသော ဂူဘုရားတစ်ဆူဖြစ်သည်။ မလာဖြစ်ဂူဘုရားတံတိုင်း၏ မြောက်ဘက်ကပ်၍ မလုံးဖြစ်ဂူ ဘုရားတံတိုင်းရှိလေသည်။ တံတိုင်းမှာ မလာဖြစ်ထက် ပို၍ကျယ်ဝန်းပြီး မလုံးဖြစ်ဂူဘုရားမှ တောင်ဘက်တံတိုင်း အလယ်လောက်တွင် ကပ်၍ရှိလေသည်။ ဂူအနောက်မြောက်ဘက် တံတိုင်းတွင်းတွင် အုတ်ကျောင်း အလတ်စားနှစ်ခု တောင်မြောက်တန်း၍ ရှိပြီး တောင်ဘက်ကျောင်းသည် လေးထောင့်မတ်မတ် အောက်နှစ်ခန်း၊ အပေါ်ထပ်ရှိလေသည်။ မလုံးဖြစ်ဂူအတွင်းတွင် ကျောက်စာနှစ်ခုရှိရာ တစ်ခုမှာ သက္ကရာဇ် ၅၉၂-ခုတွင် ကောင်းမှုရှင် (ဖုန်းသည်) သူဖရစ်လင်မယားသည် စရပ်လှမည်သော နေရာအရှေ့တွင် ဂူကျောင်းပြုလုပ်ကြောင်း၊ ကျွန်လှူကြောင်း၊ သက္ကရာဇ် ၆၀၇ တွင်လည်း သူဖရစ်မယားက မြေလှူကြောင်းများ ပါရှိလေသည်။ အခြားကျောက်စာတစ်ခုတွင် သက္ကရာဇ် ၆၀၀ ၌ သံဗျင်သက်ရှည်ဆိုသူက စရပ်လှရှေ့တောကျောင်း၌ မြေလှူသည့်အကြောင်း ပါရှိလေသည်။ မလုံးဖြစ်ဂူဘုရားတွင် အပြင်ဘက် အင်္ဂတေပန်းများ ကျန်သော်လည်း လက်ရာမှာမူကား မကောင်းလှပေ။ အတွင်းပန်းချီများအနက် အနောက်မျက်နှာအမိုးမှ ပန်းဝိုင်းများ လက်ရာကောင်းမွန် လှပစွာရှိလေသည်။
Credit – ဦးဗိုကေ၏ ပုဂံသုတေသနလမ်းညွှန်စာအုပ်မှ