မင်းသိင်္ခ (၁၉၃၉−၂၀၀၈)

Listing Description

စာရေးဆရာနှင့် ဗေဒင်ပညာရှင် ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြံဆမှုရှိသော ဝတ္ထုတိုရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသားကောင်းသူ တစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင်ပြောင်းလဲခြင်းမှ စပြီး အတတ်ပညာများ၊ လက်တွေ့ရုပ်ဝတ္ထုများ နှင့် အောင်မြင်ပျော်ရွှင်မှုများ ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာသဘောတရားများကို ပုဏ္ဏားဘကွန်း၊ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်နှင့် ပြည်ကြီးမဏ္ဍိုင်မြကြီးစသော ဝတ္ထုများတွင် ထည့်သွင်းဖော်ပြခဲ့သည်။

၁၉၃၉ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက် ဘိုးလိန်းလမ်းနေ ပန်းချီဆရာ ဦးစံရှိန်နှင့် ဒေါ်တင်တို့မှ မွေးဖွားပါသည်။ မွေးချင်း ၆ ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ငယ်မည်မှာ အောင်ထွန်း ဖြစ်သည်။

ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းတွင် စတင် ပညာသင်ကြားခဲ့ပါပြီး အေဗီကောလိပ်ကျောင်း၌ ၁၀ တန်းအထိ ပညာသင်ကြားခဲ့သည်။

၁၉၅၄ ခု၊ အထက်တန်းကျောင်းသားဘဝတွင် မေ့ပင်အောက်က ထွက်ခဲ့ပါ ဝတ္ထုကို အောင်စိုး (အညတရ) အမည်နှင့် ရေးကာ စာပေနယ်သို့ ရောက်သည်။ ၁၉၇၄ ခု၊ ဇူလိုင်လထုတ် ပြစ်မှု မဂ္ဂဇင်းတွင် ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာ သတ်မှု ကို အောင်သင်း ကလောင်နှင့် ရေးသည်။ မနုစာရီ လုံးချင်းကို စရေးမှသာ မင်းသိင်္ခ အမည်ကို ခံယူသည်။

မကွယ်လွန်မီ နောက်ဆုံးထွက်ခဲ့သည့်စာအုပ်များမှာ မကွယ်လွန်မီတစ်လခန့်က လာဘ်မိုးဆွေစာအုပ်တိုက်မှ မြရာရွှေပြည်မင်းသမီး လုံးချင်းဝထ္တု၊ မရမ်းတလင်းစာအုပ်တိုက်မှ ယတြာချေနည်းစာအုပ်၊ ပြုံးပန်းတရာစာအုပ်တိုက်မှ ထီထိုးနည်း စာအုပ်များ ဖြန့်ဝေခဲ့ပြီး ဆက်လက်ထုတ်ဝေရန် စာပေစိစစ်ရေးမှ ခွင့်ပြုသည့်စာအုပ်များ ကျန်ခဲ့သေးသည်။

၁၉၇၆ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းစာအုပ် စုစုပေါင်း အုပ်ရေ (၁၀၀) ကျော်ရေးသား ထုတ်ဝေခဲ့သည်။

၁၉၅၈ ခုနှစ်၌ တပ်မတော်သို့ဝင်ရောက် အမှုထမ်းခဲ့သည်။ ၅ နှစ်ကြာ အမှုထမ်းခဲ့ပြီးနောက် တပ်မတော်မှထွက်ပြီး ချောက်မြို့တွင် နေထိုင်ခဲ့သည်။ ချောက်မြို့တွင် ဆီစက် ညစောင့်ဘဝ၊ လက်ဖက်ရည် ဆိုင်ပိုင်ရှင် ဘဝတို့ဖြင့် ကျင်လည်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မြန်မာစာပေလောကတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သည့် မနုစာရီ လုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့သည်။ အကြိမ်ကြိမ်ထုတ်ဝေခဲ့ရပြီး ဂျပန်ဘာသာ သို့လည်း ပြန်ဆိုခြင်းခံရသည်။ ဆရာကြီးရေးသော အခြားဝတ္ထုဇာတ်လိုက်များမှာ စနေမောင်မောင်ဆားပုလင်းနှင်းမောင် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားမိုးသီးအောင်ထွန်းဘိန်းစား ဘွန်း‌ဟောင်း တို့ဖြစ်သည်။ ၁၉၇၈ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းဝတ္ထုပေါင်း ၇၀ ရေးသားခဲ့သည်။

၁၉၆၉ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဗေဒင်ဆရာဘဝကို စတင်ခဲ့သည်။ ထိုအချိန်မှစ၍ မင်းသိင်္ခဟူသော အမည်ကို ခံယူခဲ့သည်။ ၁၉၇၈ တွင် ရန်ကုန်မြို့၌လည်း ဗေဒင်များစတင် ဟောခဲ့သည်။ ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက် ညသန်းခေါင်အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏနေအိမ်မှ မဟာဂန္ဓာရီခရီးအဓိဋ္ဌာန် ၃ နှစ်ခရီး ထွက်ခွာခဲ့သည်။ ခရီးမှအပြန်တွင် မှော်ဘီမြို့အစွန်ရှိ အယူတော်မင်္ဂလာခြံဝင်းကျယ်ကြီးတွင် တပည့်ပေါင်းများစွာနှင့် အတူနေထိုင်ခဲ့သည်။

၁၉၅၇ ခုတွင် မအေးအေးရွှေနှင့် အိမ်ထောင်ကျသည်။ မအေးအေးရွှေ၏ မိဘများက သဘောမတူသဖြင့် အိမ်ထောင် ခွဲသည်။ ၁၉၆၀ ပြည့်တွင် ချောက်မြို့နေ မြမြဝင်း (ခ) ကျင်ဖုံ နှင့် အကြောင်းဖက်သည်။ သားဖြစ်သူ မောင်မောင်သစ် ထွန်းကားသည်။ ၁၉၆၁ တွင် မကျင်ဖုံနှင့် မိသားစုပြဿနာများကြောင့် ကွဲသည်။ ၁၉၈၀ အလွန်တွင် ချစ်သူဟောင်း မအေးအေးရွှေနှင့် ပြန်ပေါင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ ကာလကတ္တားအခြေစိုက် A.R.P ကပေးအပ်သည့် ပေးအပ်သည့် ရိုးရာဗေဒင်ပညာ ပါရဂူဘွဲ့နှင့် မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခုရရှိထားပြီး ဆုသွားရောက် လက်ခံ မရယူခင် ကွယ်လွန်သွားခြင်းဖြစ်သည်။

၂၀၀၈ ဩဂုတ်လ ၁ ရက်နေ့၊ နံနက် ၆ နာရီ ၂ မိနစ်အချိန်က ရန်ကုန်မြို့ရှိ သုခကမ္ဘာအထူးကုဆေးခန်းတွင် ကွယ်လွန်သည်။ ၂၀၀၈ခုနှစ် ဩဂုတ်လ ၅ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရေဝေးသုဿန်၌ဂူသွင်းသင်္ဂြိုဟ်သည်။ ဆရာကြီးကွယ်လွန်ချိန်တွင် သားဖြစ်သူ မောင်မောင်သစ်၊ ညီဖြစ်သူ ဦးဝင်းဇော်(သစ်တော)နှင့် ညီမ ဒေါ်သန်းနုအောင်တို့သာ ကျန်ရစ်ခဲ့သည်။