ချစ်ဝင်းညွန့် (၁၉၅၀-၁၉၉၈)

Listing Description

ပဲခူးတိုင်းဒေသကြီး ကဝမြို့၌ အဖ ဦးချစ်တင်၊ အမိ ဒေါ်သောင်းညွန့် တို့က ၁၉၅ဝ ပြည့်နှစ် အောက်တိုဘာ ၂ဝ ရက်နေ့တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဦးလှဝင်း ဖြစ်သည်။

ကဝမြို့ ဘုရားလေးကျောင်း ဘုန်းတော်ကြီး ထံ၌ ပညာစသင်သည်။ သာကေတ သဒ္ဒါရုံ မူလတန်း ကျောင်းတွင် မူလတန်းပညာဆည်းပူးသည်။ စတုတ္ထတန်း စကောလားရှစ်ရသည်။ သာကေတ အမှတ် (၁) အထက်တန်းကျောင်းတွင် အလယ်တန်းနှင့် အထက်တန်းပညာ သင်ယူခဲ့သည်။ ၁၉၆၈ ခုတွင် ဒဿမတန်း အောင်သည်။ ၁၉၇၄ ခုတွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ မြို့ပြ အင်ဂျင်နီယာ ဘွဲ့ ရရှိ ခဲ့သည်။ ဆည်မြောင်းဦးစီးဌာန ရုံးချုပ်တွင် ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၈ ခုတွင် အလုပ်မှအနားယူပြီး စာရေးသားခြင်း တစ်ခုတည်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ ချစ်ဝင်းညွန့် ဟူသည့် ကလောင်အမည်အပြင် မောင်သိန်းဆု၊ နိုင်ကိုကို၊ ထွန်းတောက် စသည့် ကလောင်ခွဲများဖြင့် နွယ်နီ၊ မဟေသီ၊ ရနံ့သစ်၊ သရဖူ၊ စာပေဂျာနယ်၊ ကွန်ပျူတာဂျာနယ် များတွင်ဘာသာပြန်ဝတ္ထု၊ ဆောင်းပါးများ ရေးသားခဲ့သည်။

မြကမ္ဗလာ လူ့အကျိုးဆောင် သီးနှံများ သည် ပထမဆုံးရေးသည့် စာမူဖြစ်သည်။ ၁၉၈ဝ ပြည့်နှစ်နှင့် ၁၉၈၄ ခုနှစ် စာပေဗိမာန် ဘာသာပြန် စာပေဆု ပြိုင်ပွဲများတွင် မြကမ္ဗလာ လူ့အကျိုးဆောင် သီးနှံများနှင့် လူပြည့်ကျပ်နေသော ဤကမ္ဘာ တို့ဖြင့် ဘာသာပြန် စာမူ ပထမဆုများ ရရှိ ခဲ့သည်။ ကွ္ဆန်း၏ အမှောင်ဘက်ခြမ်း၊ ရေအဆုံး ကုန်းအနှံ့၊ သူ့အသက် ကိုယ့်အသက်၊ ငရဲမှန် နက်ဖြန် မရှိ၊ ပရိုမီသီးယပ် စစ်ဆင်ရေး၊ မက္ကမာဒို စစ်ဆင်ရေး၊ ပစ်မှတ်ငါး စသည့် လုံးချင်း ဝတ္ထု ၁၅ ပုဒ်ခန့် ပြန်ဆို ထုတ်ဝေ ခဲ့သည်။ ထင်ရှားသော စာအုပ်များမှာ အောင်မြင်ရေး အတွေးအခေါ် ၅ဝ (၁၉၉၇)၊ မိမိအစွမ်းကို ယုံကြည်ပါ (၁၉၉၈)နှင့် အောင်မြင်ရေး အတွေးအမြင်ကြွယ်ဝ ချမ်းသာမှု ကျင့်စဉ် (၁၉၉၈) တို့ ဖြစ်ကြသည်။

၁၉၉၈ ခု အောက်တိုဘာ ၂၄ ရက်နေ့တွင် ကွယ်လွန် ခဲ့သည်။