မြောက်ကျောင်းတော်ကြီးစာသင်တိုက်

Listing Description

မြောက်ကျောင်းတော်ကြီးစာသင်တိုက် သည် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ နိဗ္ဗာန်ရွာတွင် တည်ရှိပြီး နှစ်ပေါင်း ၂ဝဝ ကျော်သက်တမ်းရှိသည့် မြန်မာ့ရှေးဟောင်း လက်ရာများကို မြင်တွေ့နိုင်သော ရှေးဟောင်းဘုန်းတော်ကြီးကျောင်းတစ်ခု ဖြစ်သည်။ ကျောင်းတော်ကြီးရှိ ကျွန်းတိုင်များမှာ နိဗ္ဗာန်ရွာသူရွာသားများမှ ဆင်ဖြူတော်ဆက်သသောကြောင့် ဘိုးတော်မင်းတရားက ဆုလာဘ်အဖြစ် ပြန်လည်ချီးမြင့်ခဲ့သော ကျွန်းတိုင်ကြီးများဖြစ်ပါသည်။ မြောက်ကျောင်းတော်ကြီး စာသင်တိုက်ကို ကျောင်းထိုင်ဆရာတော် ဦးဥတ္တမက စတင်ဆောက်လုပ်ခဲ့ပြီး နှစ်ကာလကြာလာ၍ ကျောင်းဆောင်ကြီးသည် တဖြည်းဖြည်း ပျက်စီးယိုယွင်းလာသဖြင့် ၁၉၂ဝ ပြည့်နှစ်တွင် လယ်တီဆရာတော်၏ တပည့်အရင်းဖြစ်သော ဆရာတော်ဦးဇာနေယျ ဦးဆောင်ကာ နှစ်ထပ်ကျောင်းဆောင် ကြီးအဖြစ်ပြောင်းလဲ ဆောက်လုပ်ခဲ့သည်။ ကျွန်းတိုင်လုံးပေါင်း ၁၂၀ ကျော်ဖြင့် ဆောက်လုပ်ထားပြီး ကျောင်းတော်၏ အခန်းနံရံများတွင် ဇာတ်ကြီးဆယ်ဘွဲ့ ပန်းပုလက်ရာရုပ်တုများအား ပန်းကနုတ်များဖြင့် သရုပ်ဖော်ထားသည်ကို စိတ်ဝင်စားဖွယ် လေ့လာနိုင်သည်။