ချစ်စံဝင်း

Listing Description

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ရစ်ကံကြီး ကျေးရွာ အဖဦးကျော်စိန် အမိဒေါ်လှသန်းတို့က ၁၉၄၀ ခုနှစ်ဇန်နဝါ ရီ လ (၂၂)ရက် နေ့တွင်ဖွားမြင်ခဲ့သည်။ အမည်အရင်း ဦးချစ်စံဖြစ်သည်။ ရစ်ကံကြီးကျေးရွာ၊ မူလတန်းကျောင်းတွင် စတင်ပညာသင်ခဲ့သည်။ ထို့နောက် ရစ်ကံကြီးရွာ သာသနာ့ဇောတိကပုပ္ဖာစာသင်ကျောင်းမှ ၁၉၅၇ ခုနှစ်တွင် (၁၀) တန်းအောင်မြင်ခဲ့သည်။ ရန်ကင်းကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင်ဆက်လက် ပညာသင်ကြားပြီး (၁၉၆၇) ခုနှစ်တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာတန်းအောင်မြင်သည်။

၁၉၆၀-၆၁ ခုနှစ်တွင် နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့၌ စာရေးအဖြစ်လည်းကောင်း ၁၉၆၃-၆၄ တွင် သိမ်ကြီးဈေးမြန်မာ့ကုန်တိုက်၌ အရောင်းစာရေးအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၁၉၆၄ မှ ၁၉၆၇ ခုနှစ်အထိ မူလတန်းကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၅ ခုနှစ်မှ စ၍ တိုင်းရင်းမေ အိုးဝေ၊ ကြေးမုံ၊ ဗိုလ်တစ်ထောင်၊ ရှေ့သို့၊ လမ်းစဉ်သတင်း လုပ်သားပြည်သူ့နေ့စဉ်၊ မြန်မာ့အလင်း သတင်းစာများတွင် စာပေများရေးသားသည်။ ၁၉၆၇ ခုနှစ် ၁၉၈၈ ခုနှစ် အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် တောင်သူလယ်သမားအစည်းအရုံး ဗဟိုဦးစီးအဖွဲ့ဌာနချုပ်တို့တွင် စာပြုလက်ထောက်အယ်ဒီတာ၊ အမှုဆောင်အယ်ဒီတာ အယ်ဒီတာချုပ် စသည်ဖြင့်ထမ်းဆောင်ခဲ့သည်။

စာပေရေးရာတာဝန်အနေဖြင့် ပန်းမျိုးတစ်ရာမဂ္ဂဇင်း လူငယ်အားမာန်မဂ္ဂဇင်း ပုလဲမြို့ပြ မြေယာမဂ္ဂဇင်း ကြာပန်းရေစဉ်မဂ္ဂဇင်းတို့တွင် အကျိုးဆောင်စာတည်း ဂုဏ်ထူးဆောင်အယ်ဒီတာ အယ်ဒီတာချုပ် အတိုင်ပင်ခံအယ်ဒီတာအဖြစ် ထမ်းဆောင်ခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ဤခရီးနီးသလား စာအုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။ ထို့နောက် ၁၉၉၀ ပြည်နှစ်တွင် ဆန်ဖွပ်သည့်အဖိုးအို စာအုပ်ဖြင့် အမျိုးသားစာပေဆု ဒုတိယအကြိမ် ရရှိခဲ့သည်။ ပြည်ပမှ ချီးမြင့်သည့် International Trophy for Quality ၁၉၉၈ Trade leader’s (Lub (Ma KRID SPAIN နှင့် Golden Amesica Award for Quality (New York USA ) ၁၉၉၉ တို့ကို ရရှိခဲ့သည်။

စာပေလုပ်ငန်းတာဝန် ဖြင့် ၁၉၉၉ ခုနှစ်ထိ အာရှ၊ အရှေ့တောင် အာရှ၊ ဥရောပ၊ အမေရိကန်နှင့် မက္ကဆီကို နိုင်ငံများသို့ ပြည်ပခရီးစဉ်ပေါင်း (၂၀)ကျော်သွားရောက်ခဲ့သည်။

ယခုအခါ တိုက် (၁၉)အခန်း (၂၀၃-၂၀၄) ပုဇွန်တောင် ဥယျာဉ်အိမ်ရာတွင် မိသားစုနှင့်အတူနေထိုင်လျက်ရှိသည်။

ရေးသားသည့်စာအုပ်ပေါင်း (၁၀၀) ခန့်အနက် ထင်ရှားသည့် စာအုပ်အချို့မှာ-

ဤခရီးနီးသလား (၁၉၈၆)

ဆန်ဖွတ်သည့်အဖိုးအို (၁၉၉၀)

ကိုရီးယား သို့မဟုတ် ဟန်မြစ်ပေါ်ကတိုင်းတောင်ကျား (၁၉၉၅)

ကြီးပွားချမ်းသာလိုစိတ်မွေးပါ။(၁၉၉၆)

ဂျပန်လူငယ်တစ်ယောက်အကြောင်း (၁၉၈၉)

စင်ကာပူ (သို့) အရှေ့ဖျားက ခြင်္သေ့မြို့ (၁၉၉၂)

ယိုးဒယား (သို့ )အရှေ့ဖျားက ပဉ္စမကျား (၁၉၉၃)

ပူနွေးဆူဝေ ဤကမ္ဘာမြေ (၁၉၉၄)

ဖွံ့ဖြိုးကြီးထွား မလေးရှား၊ (၁၉၉၆)

ဘန်ကောက် (၁)၊ ဘန်ကောက် (၂)၊ (၁၉၉၁)

မြတ်ပညာနှင့်သားထံပေးစာ (၁၉၇၈)

မြတ်လယ်တီ (၁၉၈၅) သာသနာ့စက်ခြည်လင်းစေဖို့ (၁၉၉၁)

အတွေးနဲ့အရေး (၁၊၂၊) (၁၉၈၈-၁၉၈၉)