ကျိုက်သလ္လံစေတီ

Listing Description

ကျိုက်သလ္လံစေတီတော် သည် မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့တွင် အကြီးဆုံးစေတီတော် ဖြစ်၍ မြို့၏အရှေ့ဖက် သံလင်တောင်စွယ်တွင် တည်ရှိသည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ပေ ၄၅၀ ရှိပြီး စေတီရံပေါင်း ၃၄ ဆူရှိပါသည်။ ကျိုက်သလ္လံစေတီကို မွန်ဘာသာဖြင့် ကျာ်သေမ်လီု ဟုခေါ်ဆိုပြီး ရှမ်းလူမျိုးများထွက်ပြေးစေနိုင်သော ၊ ပျက်စီးစေနိုင်သောဘုရားဟု အဓိပ္ပာယ်ရသည်။ ရှေးယခင်က မွန်လူမျိုးများသည် ထိုင်းလူမျိုးများကို ရှမ်း ဟုခေါ်ကြသည်။ သမိုင်းအရ မွန်လူမျိုးများနှင့် ရှမ်းလူမျိုးများ မကြာခဏစစ်မက်ဖြစ်ပွားရာ စစ်ပွဲမဖြစ်ပွားစေရန် စေတီတစ်ဆူကို တစ်နေ့တည်းနှင့် မွန်လူမျိုးများနှင့် ရှမ်းလူမျိုးများတစ်ဖက်စီ အပြီးတည်ရန်၊ ရှုံးနိမ့်သူက အနိုင်ရရှိသူ၏ဒေသကို မည်သည့်အခါမှ ကျူးကျော်တိုက်ခိုက်ခြင်းမပြုရန် သဘောတူညီကြပြီး မွန်လူမျိုးတို့မှ ဝါးများဖြင့် စေတီတည်သောကြောင့် အရင်ဆုံးပြီးမြောက်ကာ အနိုင်ရရှိခဲ့သည်။ ရှမ်းများလန်ပြေးသည်ကို အကြောင်းပြု၍ စေတီတော်ကို 'ကျိုက်ရှမ်းလန်'ဟု ခေါ်ကြောင်း၊နောင်ကာလ ရွေ့လျောသဖြင့် 'ကျိုက်သလ္လံ'ခေါ်ကြောင်းလည်း အဆိုရှိပါသည်။