ဝိုင်းစုခိုင်သိန်း

Listing Description

သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်းကို အဖ ဦးသိန်းဌေး၊ အမိ ဒေါ်မေရီအောင်တို့မှ ၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဝိုင်းစုခိုင်သိန်း ပင်ဖြစ်သည်။ အ.ထ.က(၁)ဒဂုံ တွင် သူငယ်တန်းကမှ တက္ကသိုလ်ဝင်တန်းထိ နေခဲ့သည်။ ၂၀၀၃-ခုနှစ်တွင် ဆယ်တန်းအောင်မြင်၍ အင်္ဂလိပ်စာအဓိကနှင့် ဘွဲ့ရသည်။

၂၀၀၄ ခုနှစ်တွင် သရုပ်ဆောင်အဖြစ်ဖြင့် အနုပညာလုပ်ငန်းကို စတင်ခဲ့သည်။ ပထမဆုံး တေးစီးရီးအဖြစ် မက်လောက်စရာ ကို ထုတ်ဝေခဲ့သည်။ ထိုစီးရီးဖြင့် အောင်မြင်မှုရလာပြီးနောက် မျက်လှည့်၊ အာဘွား၊ ခါချနေရတယ် အမည်ရှိ စီးရီးများ ထပ်မံထွက်ရှိခဲ့သည်။ တစ်ကိုယ်တော်စီးရီး “ဂါ” သည် ၂၀၁၆-ခု၊ အောက်တိုဘာ ၂၁-ရက်နေ့တွင် ထွက်ရှိခဲ့သည်။ Mini album မယ်သီတာ ကို၂၀၁၇ ခုနှစ် ဇူလိုင် ၁၆တွင်ဖြန်ချီခဲ့သည်။

ကိုဥက္ကာမြင့်ကြူ နှင့် ၂၀၁၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ မင်္ဂလာဆောင်ခဲ့ပြီး ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် စိတ်သဘောထားချင်း မတိုက်ဆိုင်တော့သည့်အတွက် တရားဝင် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့သည်။ 

၂၀၀၉၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်များတွင် Best Selling Studio Music Album Female Vocalist of The Year (နှစ်တစ်နှစ်၏ ရောင်းအားအကောင်းဆုံး အမျိုးသမီး တေးအယ်လ်ဘမ်ဆု) ရရှိခဲ့သည်။ ထို့ပြင် ၂၀၁၁ ခုနှစ်တွင် Best Couple Song Award (အကောင်းဆုံး စုံတွဲသီချင်းဆု) နှင့် Best Vocalist Award (အကောင်းဆုံး တေးသံရှင်ဆု) တို့ကိုရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် Most Popular Female Vocalist of The Year (နှစ်တစ်နှစ်တွင် အကျော်ကြားဆုံး အမျိုးသမီးတေးသံရှင်ဆု) ရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် Joox Application ၌ Top 10 Artist of The Year ဆုရရှိခဲ့သည်။

သရုပ်ဆောင်ပိုင်းအနေဖြင့် “ကမ္ဘာဆုံးထိ (၂၀၀၅)”၊ “ရတနာ (၂၀၀၆)” အစရှိသည့် ဇာတ်ကားများ ရိုက်ကူးခဲ့သည်။ လက်ရှိတွင် အဆိုတော်အောင်လနှင့်အတူ ဂီတနှင့်အနုပညာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။