ကော့ဂွန်းလိုဏ်ဂူ

Listing Description

ကော့ဂွန်းလိုဏ်ဂူသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ဂွန်းကျေးရွာ အနီးတွင်ရှိသည့် ထုံးကျောက်လိုဏ်ဂူဖြစ်ပါသည်။ ကရင်ပြည်နယ်ဝန်းကျင်ရှိ သဘာဝထုံးကျောက်လိုဏ်ဂူများ အတွင်း၌ ဗုဒ္ဓဘာသာဆိုင်ရာကိုးကွယ်မှု အမွေအနှစ်များစွာ ရှိသော်လည်း ဤကော့ဂွန်းဂူသည် အထင်ရှားဆုံးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ကျန်ရှိနေမှုအများဆုံးဖြစ်ပါသည်။ ကော့ဂွန်းဂူ တည်ရှိရာ ကော့ဂွန်းထုံးကျောက်တောင်တွင် ကော့ဂွန်းဂူ၊ ကျွဲဂူနှင့် ကျားဂူဟူ၍ရှိသော်လည်း ကော့ဂွန်းဂူသာလျှင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် တည်ရှိသည်။ ကော့ဂွန်းဂူသည် အလျားပေ ၁၃၀၊ အနံပေ ၇၀ နှင့် အမြင့် ၂၅ ပေရှိသည်။ တစ်ဖက်ပိတ်လိုဏ်ဂူဖြစ်ပြီး ဂူ၏အတွင်းပိုင်း အဆုံးနား တစ်ဖက်တစ်ချက်စီတွင် ဂူပေါက်ငယ်တစ်ခုစီရှိပါသည်။ ကော့ဂွန်းဂူ၌ အများဆုံးတွေ့ရသည်မှာ ရှေးဟောင်းအုတ်ခွက်ဗုဒ္ဓဆင်းတုတော်များဖြစ်ပါသည်။ ၎င်းတို့ကို ဂူကျောက်တောင် နံရံများ နှင့် ဂူအမိုးများတွင် ကပ်လှူ ပူဇော်ထားပါသည်။ သမိုင်း အထောက်အထားများကို ဖြည့်စွက်ပေးနိုင်သော ကျောက်စာနှင့် ရှေးမွန်အရေးအသားများ၊ မင်စာမှတ်တမ်းများရှိသည်။ ကော့ဂွန်းဂူတွင်တွေ့ရသည့် ရှေးဟောင်းမွန်ကျောက်စာကို ပုဂံခေတ် ရှေးမွန် ကျောက်စာများနှင့် နှိုင်းယှဉ်လျှင် (၁၁) ရာစုခန့်က ရေးထိုးထားသည့် ကျောက်စာဖြစ်သည်ဟု  ရှေးဟောင်းသုတေသနဌာနမှ ခန့်မှန်းထားသည်ဟု သိရပါသည်။ ကော့ဂွန်းဂူသည် ဘုရားဖူးဧည့်သည်များ၊ သုတေသီများ၊ သုတေသနဝါသနာရှင်များ၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက် စိတ်ဝင်စားဖွယ်၊ အံ့အားသင့်ဖွယ်၊ လေ့လာမှတ်တမ်းပြုရန် ကောင်းသည့် ဗုဒ္ဓပြတိုက်ကြီးသဖွယ် ဖြစ်သည်။ ယခုအခါတွင် ကော့ဂွန်းဂူရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ယဉ်ကျေးမှုဝန်ကြီးဌာနက နည်းပညာများဖြင့် လည်းကောင်း၊ ဥပဒေများဖြင့်လည်းကောင်း ကာကွယ်ထိန်းသိမ်းထားပါသည်။