သဲပြင်တောရွာ ရုပ်စုံကျောင်း

Listing Description

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သဲပြင်တောရွာရှိ နှစ်ပေါင်း ၁၅၀ ခန့်သက်တမ်းရှိ ရှေးဟောင်းကျောင်းဆောင်ကြီးဖြစ်သည်။ ညောင်ဦးမြို့မှ ညောင်ဦး - ကျောက်ပန်းတောင်းလမ်း (ဗျတ္တပန်းဆက်လမ်း)အတိုင်း ၉ မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်။ ရှေးယခင်က ကျောင်းကြီးစတည်ဆောက်စဉ် ဘုံပြဿာဒ် ၃ ဆောင်၊ တိုင်ပေါင်း ၈၁ တိုင်၊ အရုပ်ပေါင်း ၈၁ ရုပ်ရှိခဲ့သော်လည်း ယခုလက်ရှိတွင် တိုင်ပေါင်း ၅၆ တိုင်၊ အရုပ်ပေါင်း ၄၉ ရုပ်သာ ကျန်ရှိပါသည်။ ၁၃၃၅ ခုနှစ်တွင် လေကြမ်းတိုက်ခံရ၍ ကျောင်းကြီး၏ ပြဿာဒ်များ ပျက်စီးခဲ့သဖြင့် ရှေးမူမပျက် ပြန်လည်ပြင်ခဲ့ပြီး မူလကျောင်းဟောင်းကို အနည်းငယ်ချုံ့လိုက်ရာ အဆောင်တစ်ဆောင် လျော့သွားသော်လည်း ကျောင်းကြီးအပြင် နံရံများ၌ ချိတ်ဆွဲ တန်ဆာဆင်ထားသော မူလ သစ်သားပန်းပုရုပ်များကို ယခုတိုင်လေ့လာတွေ့မြင်နိုင်ပါသည်။ ကျောင်းကြီးတွင် ကျယ်ဝန်းသော ခန်းဖွဲ့များ၊ တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းစာတိုက်များ၊ ဘီရိုများ၊ ယွန်းအုတ်များ၊ ကျောက်သပိတ်များ၊ ပေ ပုရပိုက်စာနှင့် ဇာတ်ကြီးဆယ်ဘွဲ့ရေးသားထားသောစာများ တွေ့နိုင်ပြီး အထူးခြားဆုံးမှာ အလွန်တွေ့ရခဲသော နွားလှည်းပေါ်တွင်တင်ပြီး အသုံးပြုသော ယခုခေတ်အခေါ် ကွန်တိန်နာဘောက်ကို နည်းစနစ်ကျကျ ဝါးနှင့် ပြုလုပ်ထားသည်ကို လေ့လာတွေ့မြင်နိုင်ပါသည်။