မောင်ငြိမ်းသူ (ကြို့ပင်ကောက်)

Listing Description

မောင်ငြိမ်းသူကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အဖ ဦးတင်ရွှေ၊ အမိ ဒေါ်လှဝိုင်းတို့မှ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မွေးဖွားခဲ့သည်။ မျိုးငယ်ကျော်၊ ဇော်ငြိမ်းလတ်၊ သူရိန်ညွန့်တင်၊ နေသွေးကိုတို့မှာ ကလောင်အမည်ခွဲများဖြစ်သည်။

ကြို့ပင်ကောက်မြို့ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်မြင် ခဲ့ပြီး မော်လမြိုင် ကောလိပ်၊ လုပ်သား ကောလိပ် တို့တွင် ဆက်လက် ပညာ သင်ကြား ခဲ့သည်။ ပျိုဖော်ဝင် အရွယ် လူငယ်များ၏ စာပေ အပေါ် စိတ်ဝင်စားမှု ဘွဲ့ယူ စာတမ်းဖြင့် စိတ်ပညာ ဘွဲ့ကို ရရှိခဲ့သည်။

(၁၉၆၃ - ၆၄) ခုနှစ်က ထုတ်ဝေသည့် ရုပ်ရှင် အောင်လံ မဂ္ဂဇင်းတွင် မောင်နှင်းဝေ ဟူသော ကလောင် အမည်ဖြင့် ရေးသား ခဲ့သော တောဓလေ့ ကဗျာဖြင့် စာပေ လောကသို့ စတင် ဝင်ရောက် ခဲ့သည်။

မောင်ငြိမ်းသူ (ကြို့ပင်ကောက်) အမည် အပြင် အခြား ကလောင် အမည်ခွဲများ ဖြင့်လည်း စာပေများကို ရေးသား ခဲ့သည်။ ရေးသား ပြုစု ပြီးသမျှ စာအုပ်များမှာ လုံးချင်း ၈ အုပ်၊ မဂ္ဂဇင်း ဝတ္ထုရှည် ၃ဝ ကျော်၊ ဝတ္ထုတို ၃ဝဝ ခန့်နှင့် ဆောင်းပါး ပုဒ်ရေ ၁၀၀၀ ကျော် ရေးသား ခဲ့သည်။

၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ကြီးမှူး ကျင်းပသော ဆောင်းပါး ပြိုင်ပွဲ၌ မော်ကွန်းဝင်ပြီ ကြက်ခြေနီ ဟူသော ဆောင်းပါးဖြင့် အကြီးတန်း အဆင့် ဒုတိယဆု ရရှိခဲ့သည်။ ထို့အပြင် (၄၈) နှစ်မြောက် တပ်မတော်နေ့ ဆောင်းပါး ပြိုင်ပွဲတွင် အထူးဆု ရရှိခဲ့သည်။

၁၉၈၆ ခုနှစ်၊ မြအဖူးတွေ သစ်သစ်ဝေနှင့် လူငယ် ဝတ္ထုတိုများ စာအုပ်ဖြင့် အမျိုးသား စာပေဆု (လူငယ် စာပေဆု) (ရသ စာပေဆု) ကို ရရှိခဲ့သည်။ စာပေ တာဝန်များ အဖြစ် စမ်းချောင်းမြို့နယ် စာပေလုပ်သား အဖွဲ့ အတွင်းရေးမှူး၊ မြို့နယ် စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဥက္ကဋ္ဌ၊ နာယက တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဒဂုံမြို့သစ် (မြောက်ပိုင်း) စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်လျက် ရှိသည်။

ရန်ကုန်မြို့ အမေနေ့ စာပေ ပြိုင်ပွဲနှင့် ဝါမိုးအောင် ဝတ္ထုတို ပြိုင်ပွဲ ဆုရွေးချယ်ရေး အဖွဲ့တွင် ပါဝင် ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ရွှေသမင် စာပေတိုက်နှင့် သိန်းမင်း စာပေတိုက် တို့တွင် စာပြင် ဆရာ အဖြစ် လည်းကောင်း၊ ရွှေသမင် မဂ္ဂဇင်းတွင် အမှုဆောင် အယ်ဒီတာ အဖြစ် လည်းကောင်း၊ ထူးခြား ဂျာနယ်တွင် တာဝန်ခံ အယ်ဒီတာ အဖြစ် လည်းကောင်း ထမ်းဆောင် ခဲ့သည်။

ယခုအခါ ဝါမိုးအောင် စာပေတိုက်တွင် စာတည်း အဖွဲ့ဝင် အဖြစ် လည်းကောင်း။ မှုခင်း ရှုထောင့် ဂျာနယ်၊ မှုခင်း မြင်ကွင်း ဂျာနယ်၊ မှုခင်း ရှုထောင် ရသစုံ မဂ္ဂဇင်းများတွင် တာဝန်ခံ အယ်ဒီတာ အဖြစ် လည်းကောင်း ထမ်းဆောင်လျက် ရှိသည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ

ဇီဝိတ ဒါန သံဃာ့ ဆေးရုံကြီး ဆေးကုသမှု သမိုင်း မှတ်တမ်း - ၁၉၉၉ ခုနှစ်

ဘယ်သူ မိုးကျ ရွှေကိုယ်လဲ - ၂၀၀၀ ပြည့်နှစ်

မကြင်သင့် ရင်နင့်အောင်ဆွေး - ၁၉၉၀ ပြည့်နှစ်

စောင့်သိနားလည် ခွင့်လွှတ်စေချင်တယ် - ၁၉၉၀ ပြည့်နှစ်

မုန်းမာတင်းလို့ ညှဉ်းရက်လေ - ၁၉၉၀ ပြည့်နှစ်

မျက်မာန်တော်ငြိုးပါနဲ့ ခိုကိုးသူပါ - ၁၉၉၁ ခုနှစ်

မြအဖူးတွေ သစ်သစ်ဝေနှင့် လူငယ်ဝတ္ထုများ - ၁၉၈၆ ခုနှစ်

မြအဖူးတွေ သစ်သစ်ဝေနှင့် လူငယ် ဝတ္ထုများ (ဒုတိယအကြိမ်) - ၁၉၈၈ ခုနှစ်