ဟိန်းလတ်

Listing Description

၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဝိဇ္ဇာနှင့် စာကြည့်တိုက် ဒီပလိုမာ ဘွဲ့များ ရရှိ ခဲ့သည်။

စိုက်ပျိုးရေးတက္ကသိုလ်တွင် လက်ထောက်စာကြည့်တိုက်မှူး၊ မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့တွင် စာကြည့်တိုက်မှူးနှင့် သုတေသနအရာရှိ တာဝန်များထမ်းဆောင် ခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ၁၉၉ဝ ပြည့်နှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာရေးနှင့် စာပေစာနယ်ဇင်းဆိုင်ရာ ကိစ္စရပ်များအတွက် သွားရောက်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်မှ ၁၉၉၃ ခုနှစ်ထိ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ (ဗဟို) အတွင်းရေးမှူး (၁)၊ အလုပ်အမှုဆောင်နှင့် တွဲဖက် အတွင်းရေးမှူးတာဝန်များ ဆောင်ရွက် ခဲ့သည်။ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ ဗဟိုအလုပ်မှုဆောင်၊ မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒင်းရှင်း ဗဟိုအလုပ်မှုဆောင်တာဝန်များ ဆောင်ရွက်လျက်ရှိသည်။

၁၉၆၅ ခုနှစ်မှစ၍ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများ ရေးသားခဲ့ရာ ယခုအထိ ရေးသားပြီး စာပေ ဆောင်ပါးပေါင်း ၃ဝဝဝ ကျော်နှင့် လုံးချင်း စာအုပ် ၉၃ အုပ် ရှိပြီဖြစ်သည်။ တတိယ ကမ္ဘာမှ ပထမကမ္ဘာသို့ စာအုပ်၂၀၀၂ ခုနှစ် အမျိုးသား စာပေဆုရရှိခဲ့သည်။ စံပယ်ဖြူ မဂ္ဂဇင်း၊ စန္ဒာ မဂ္ဂဇင်းနှင့် မိုးဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၉၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ ပေါ်ပြူလာ ဂျာနယ်အယ်ဒီတာချုပ်အဖြစ်ဆောင်ရွက်ခဲ့ကာ ၂၀၁၀ ခုနှစ်မှစ၍ Asean Fame Media Group ဒုဥက္ကဋ္ဌတာဝန်ထမ်းဆောင်လျက်ရှိသည်။ ပေါ်ပြူလာနယူး ဂျာနယ်၊ ရတီမဂ္ဂဇင်းတို့ကိုဦးစီးဆောင်ရွက်လျက်ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အစ္စရေးနိုင်ငံ၊ ထိုင်းနိုင်ငံတို့တွင် စာနယ်ဇင်းသင်တန်းများ ဆည်းပူးခဲ့သည်။ စင်္ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်နိုင်ငံများသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။