ရန်ကုန်တိုင်းစုပေါင်းရုံး (ယခင်ရဲမင်းကြီးရုံး)

Listing Description

ရန်ကုန်တိုင်းစုပေါင်းရုံး (ယခင်ရဲမင်းကြီးရုံး)သည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဘဏ်လမ်း၊ အမှတ် ၅၆/ ၆၆ တွင် တည်ရှိသည်။ ၁၉၂၇ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံဘုရင်ခံ ဆာဘတ်တလာက အုတ်မြစ်ချခဲ့ပြီး ဗိသုကာပညာရှင် သောမတ်စ်အိုလီဖန့်ဖော်စတာက ဒီဇိုင်းရေးဆွဲ၍ တရားရုံးသစ်အဆောက်အအုံအဖြစ် တည်ဆောက်ခဲ့ရာ ၁၉၃၁ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ အာရှတွင် သံမဏိဘောင်များဖြင့် တည်ဆောက်ခဲ့သည့် ပထမဆုံး အထပ်မြင့်အဆောက်အအုံများမှ တစ်ခု ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များက အသုံးပြုခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းအား ဗုံးကြဲရာတွင် အပျက်အစီးများရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်တွင် အစိုးရရုံးများအဖြစ် ပြန်လည်အသုံးပြုပြီး ရဲမင်းကြီးရုံးနှင့် လေကြောင်းပျံသန်းရေးဌာန အပါအဝင် ဌာနပေါင်းများစွာ ရုံးထိုင်ခဲ့သည်။ အဆောက်အအုံ၏ လေးထပ်ရှိ ခန်းမကြီးကို မြန်မာနိုင်ငံ၏ လူမျိုးစုလွှတ်တော်အဖြစ် ၁၉၄၈ မှ ၁၉၆၂ ခုနှစ်အထိ အသုံးပြုခဲ့သည်။ အဆောက်အအုံကို ၁၉၆၄ မှ ၁၉၈၅ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက အသုံးပြုခဲ့ပြီး ထိုနှစ်များအတွင်း ပါတီဌာနချုပ်အဖြစ်လည်း အသုံးပြုခဲ့သည်။ ထို့နောက်တွင် ရန်ကုန်တိုင်း တရားရုံးချုပ် အပါအဝင် အစိုးရရုံးများအဖြစ် အသုံးပြုခဲ့ပြီး ရန်ကုန်တိုင်းစုပေါင်းရုံး အဖြစ် လူသိများခဲ့သည်။ ယခုလက်ရှိတွင် Rosewood Yangon ဟိုတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်ထားလျက်ရှိသည်။ ရန်ကုန်မြို့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံအဖြစ် ရန်ကုန်မြို့ရှေးဟာင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT)မှ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့၏ ၃၁ ခုမြောက် မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြားကို ရန်ကုန်တိုင်းစုပေါင်းရုံး (ယခင်ရဲမင်းကြီးရုံး) ယခု Rosewood Yangon ဟိုတယ်တွင် တပ်ဆင်ခဲ့ပါသည်။