ဗြိတိသျှသံရုံးအဆောက်အအုံ

Listing Description

ဗြိတိသျှသံရုံး နှင့် ဗြိတိသျှကောင်စီတို့ အသုံးပြုလျက်ရှိသည့် ဗြိတိသျှသံရုံးအဆောက်အအုံသည် အမှတ် ၈၀ ၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်တွင် တည်ရှိပြီး ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက်ရှိ သက်တမ်းအရင့်ဆုံး အဆောက်အအုံများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုပါအဆောက်အအုံကို ၁၉၁၀ ခုနှစ်တွင် ဂလပ်စကိုမြို့ အခြေစိုက် J. and F. Graham & Co., ၏ ရုံးချုပ်အဖြစ် တည်ဆောက်ခဲ့ပါသည်။ ထိုခေတ်ကာလ နာမည်ကျော် ဗိသုကာပညာရှင် Thomas Swales ၏ လက်ရာဖြစ်ပြီး ကန်ထရိုက်မှာ J.G. Robinson နှင့် G. W. Mundy တို့ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်တွင် J. and F. Graham & Co., ကုမ္ပဏီသည် အဆောက်အအုံကို ပေါင် ၆၄၀၀၀ ဖြင့် ရောင်းချခဲ့ပြီး ဗြိတိသျှသံရုံးအဖြစ် စတင်ပြောင်းလဲအသုံးပြုခဲ့သည်။ ဗြိတိသျှကောင်စီ စာကြည့်တိုက်ကို ၁၉၆၆ ခုနှစ်တွင် Render House (ယခု ပြည်တွင်းအခွန်ဦးစီးဌာန)မှ ရွှေ့ပြောင်းပေးခဲ့ရပြီးနောက် စာအုပ်များကို ယခုအဆောက်အအုံတွင် သိမ်းဆည်းထားခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ဗြိတိသျှသံရုံး၏ ယဉ်ကျေးမှုဌာနအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ၊ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့နှင့် ဗြိတိသျှကောင်စီတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဗြိတိသျှသံရုံးအဆောက်အအုံကို ၂၈ ခုမြောက် ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်အဆောက်အအုံအဖြစ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ပါသည်။