ဗောဓိဝိုင်းဘုရား

Listing Description

ဗောဓိဝိုင်းဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းမြို့၊ မြသိန်းတန်ဘုရားနှင့် မင်းကွန်းခေါင်းလောင်းတော်ကြီးကြားတွင် တည်ရှိပါသည်။ ဘိုးတော်ဘုရားသည် မဇ္ဈိမမှ ပင့်ဆောင်လာသော ဗောဓိပင်ပျို နှစ်ပင်ကို စိုက်ထားခဲ့သည်။ မူလတံတိုင်း နှစ်ထပ်၊ မုဒ်ဝင် မုဒ်ကူး အုတ်ပြဿဒ် ၇ ဆူ၊ တံတိုင်းလေးထောင့် အုတ်ပြဿဒ် ၂ ဆူ၊ အရံစောင့်နတ် ၁၂၈ ရုပ်နှင့် လုပ်ဆောင်ပြီး ကမ္ဗည်းရေးထိုးထားခဲ့သည်။ မင်းတုန်းမင်းလက်ထက်တွင် ထိုဗောဓိပင်နှစ်ပင် လဲပြိုသွားသည်။ ဗောဓိပင်၏ အရံတံတိုင်းများလည်း ပျက်စီးပြီး ခြုံနွယ်ပိတ်ပေါင်းများ ဖုံးအုပ်နေသည်။ ထို့ကြောင့် မန္တလေးအနောက်ပြင် ပုလိုင်းအရပ်မှ လွှစက်ပိုင်ရှင် ဦးရေပေါ်နှင့် ဒေါ်ရွှေမှုံ မိသားစုက တာဝန်ယူ၍ ရှင်းလင်းကာ ချမ်းသာကြီးဆရာတော် ဘဒ္ဒန္တပဏ္ဍဝါဘိသီရိသဒ္ဓမ္မဓဇ ကြပ်မတ်ပြီး ဗောဓိပင်များနေရာတွင် စေတီကြီးတစ်ဆူ တည်ခဲ့သည်။ မြတ်စွာဘုရား၏ ဓာတ်တော်များ၊ အရိယာ သာဝကတို့၏ ဓာတ်တော်များ၊ ရုပ်ပွားတော်များ၊ ဓမ္မခန္ဓာများကို သွတ်သွင်းဌာပနာထားပါသည်။ စေတီတော်သည် အချင်း ၃၄-တောင်၊ အဝန်း ၁၀၂ တောင်၊ အမြင့် ၄၁တောင် ရှိပါပြီး ဘွဲ့တော်မှာ မဟာဗောဓိစေတီဖြစ်သည်။ ဗောဓိပင်များ စိုက်ရာဝိုင်းထဲတွင် တည်ထားသောဘုရားဖြစ်၍ ဗောဓိဝိုင်းစေတီဟု ခေါ်နေကြခြင်း ဖြစ်ပါသည်။