ဘုရင့်ညီဂူ

Listing Description

ဘုရင့်ညီဂူသည် ဘားအံမြို့နယ်၊ သံလွင်မြစ်အနောက်ဘက်ကမ်း၊ ဘုရင့်ညီနောင်ရွာတွင် တည်ရှိပါသည်။ ဘားအံသို့လာရောက်လည်ပတ်ကြသည့် ခရီးသွားအများစု ရေပူစမ်းစိမ်ရန် လာရောက်ကြသော ဂူတစ်ဂူဖြစ်ပါသည်။ ရှေးအခါက မဟာပါသာဏရတနာလိုဏ်ဂူ ဟုလည်းကောင်း၊ မဟိံသရာဇာဘုရင်ကြီးမှ လိုဏ်ဂူအတွင်း တရားအားထုတ်ပြီးစေတီ၊ ပုထိုးများ ပြုပြင်မွမ်းမံခဲ့ရာမှ ဘုရင်ကြီးဂူ ဟုလည်းကောင်း၊ သထုံဘုရင့်သားတော် မင်းသားနှစ်ပါး ထွက်ပြေးလာပြီး ဘုရင်ကြီးဂူတွင် ပုန်းအောင်းရင် တရားအားထုတ်နေထိုင်ရာမှ ဘုရင့်ညီနောင်ဂူ လည်းကောင်း၊ မင်းသားနှစ်ပါးမှ အကိုကြီးဖြစ်သူ ကွပ်မျက်ခံရပြီး ညီငယ်မင်းသားသာ ဆက်လက်နေထိုင်ခဲ့သောကြောင့် ဘုရင့်ညီဂူဟုလည်းကောင်း ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါသည်။ ဘုရင်ညီဂူတောင်ခြေတွင် ရေပူစမ်းနှင့် ရေအေးစမ်း ထွက်ပေါက် ၂ပေါက်ရှိသည်။ ဂူအဝတွင် နှစ်ကျိပ်ရှစ်ဆူဆင်းတုတော်များ တည်ရှိပြီး ရှေးဟောင်းအုတ်ခွက်ဘုရားများ အနည်းငယ်ကိုလည်း တွေ့နိုင်သည်။ ဘုရင့်ညီဂူအဝမှ နေဝင်ဆည်းဆာအလှကြည့်နိုင်ပါသည်။