သီပေါဟော်နန်း

Listing Description

သီပေါမြို့ ဇာတ်စုရပ်ကွက်အတွင်းရှိ ဟော်နန်းအဆောက်အအုံကြီးကို ၁၉၂၄ ခုနှစ်တွင် (၈၇)ဆက်မြောက် သီပေါစော်ဘွားကြီးစောအုံကြာ(MA) က ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အင်္ဂလိပ်အုပ်ချုပ်ရေးခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ် ရေးအကြိုခေတ်တို့ကို   ဖြတ်သန်းတည်ရှိလာခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၆၂ ခုနှစ်အထိ နောက်ဆုံးသီပေါစော်ဘွား စဝ်ကြာဆိုင်၊ မဟာဒေဝီသုစန္ဒီ (အမည်ရင်း Inge Eberhard)၊ သမီးလေး မာယာရီ နှင့် ကိန္နရီတို့  မိသားစုနေထိုင်သွားခဲ့ပါသည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင်သီပေါစော်ဘွား စဝ်ကြာဆိုင်၏ တူတော် စဝ်ဦးကြာနှင့်ဇနီး ဒေါ်စဝ်စမ်ဖုန်း (မိုင်းရယ် စော်ဘွား၏ စတုတ္ထသမီးတော်)တို့မိသားစုနေထိုင်၍ စောင့်ရှောက်ထိန်းသိမ်းလာခဲ့သည်။  ဟော်နန်းအတွင်းတွင် စော်ဘွားများ၏ အသုံးအဆောင်ပစ္စည်းများ၊ အဆောင်အယောင်များ၊ ဓါတ်ပုံမှတ်တမ်းများကို ဝင်ရောက်လေ့လာကြည့်ရှု နိုင်ပါသည်။ ဟော်နန်းဝင်းထဲတွင်လည်း သီပေါစော်ဘွားကြီး စောအုံကြာ စော်ဘွားမဖြစ်မီ အိမ်ရှေ့စံ (ကျမိုင်း) ဘဝက ဟော်စံအိမ်တော်ကြီး၏အရှေ့ဘက်၌ ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ထားရှိခဲ့သော ဘုရားကျောင်းဆောင်ကြီး ရှိပါသည်။ ယင်းဘုရားကျောင်းဆောင်ကြီးမှာ ပြဿဒ်ပါ နှစ်ထပ်ဆောင်ဖြစ်ပြီး သီပေါစော်ဘွားကြီး စောအုံကြာနှင့် သီပေါ၏နောက်ဆုံး စော်ဘွား စဝ်ကြာဆိုင်တို့ ဘုရားဝတ်ပြုခြင်း၊ ဥပုသ်သီတင်းဆောက်တည်ခြင်း စသည်တို့လုပ်ဆောင်ခဲ့သော ဘာသာရေးဆိုင်ရာ အဆောက်အဦးကြီး တစ်ခုဖြစ်ပါသည်။