ဝက်ကြီးအင်းဂူပြောက်ကြီးဘုရား

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ဂူပြောက်ကြီးဘုရား နှစ်ဆူရှိသည်။ ဝက်ကြီးအင်းအရပ်ရှိ ဂူဘုရားကို ဝက်ကြီးအင်းဂူပြောက်ကြီး ဟုခေါ်ကြပြီး မြင်းကပါအရပ်ရှိ ဂူဘုရားကို မြင်းကပါဂူပြောက်ကြီး ဟု ခွဲခြားခေါ်ကြသည်။ ဝက်ကြီးအင်းဂူပြောက်ကြီးသည် မဟာဗောဓိပုံ ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့် ဂူဘုရားဖြစ်ပြီး ခရစ် ၁၃ ရာစု အစောပိုင်းတွင် တည်ခဲ့သည်ဟုခန့်မှန်းကြပြီး နားတောင်းများမင်း၏ ကုသိုလ်တော်ဖြစ်သည်ဟု သိရပါသည်။ အင်္ဂတေပန်းလက်ရာအချို့ အသင့်အတင့် ကြွင်းကျန်ရှိပြီး အာရုံခံ မျက်နှာကြက်တွင် ပါဒစက်စုံ ခြေတော်ရာတစ်စုံရှိပါသည်။ ပေါင်းကူးမျက်နှာကြက်များနှင့် နံရံများတွင် နံရံဆေးရေး ပန်းချီများရှိပြီး အဝင်ခန်းမ၏ တောင်နှင့် မြောက်နံရံတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ပန်းခက်ပန်းနွယ်များ၊ ဗုဒ္ဓဝင် အကြောင်းအရာများ၊ ငါးရာ့ငါးဆယ် ဇာတ်ကွက်များကို ကမ္ပည်းမင်စာနှင့် မှတ်တမ်းတင်ထားရှိပါသည်။ အဝင်ခန်းမအတွင်း ဗုဒ္ဓရုပ်ပွား ဆင်းတုထားရှိရာ ပလ္လင်၏ လက်ဝဲလက်ျာ အနောက်နံရံတွင် မာရ်နတ်စစ်သည် ပုံများကို အဆန်းတကြယ် ရေးဆွဲထားသည်။ အာရုံခံ၏တောင်ဘက်နံရံရှိ နံရံပန်းချီများကို ၁၈၉၉ ခုနှစ်တွင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တစ်ဦးက လွှများဖြင့်လှီးဖြတ်၍ ခိုးယူသွားခဲ့သဖြင့် အချို့သာကျန်ရှိတော့ပါသည်။ ဝက်ကြီးအင်းဂူပြောက်ကြီးဘုရား အပြင်ရှိ အင်္ဂတေ ပန်းတော့လက်ရာများနှင့် အဝင်မုခ်ရှိ စုလစ်ပန်း၊ ရာမလက်ညှိုး၊ မုခ်တံကဲပန်းနှင့် တိုင်ဖုံးပန်းများကို လေ့လာနိုင်ပါသည်။