ဝါဆိုမိုးဦး

Listing Description

၁၉၉၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် အဖ ဦးမျိုးမြင့်နိုင်နှင့် အမိ ဒေါ်သိင်္ဂီအောင်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း နှစ်ယောက်အနက် အကြီးဆုံးသမီးဖြစ်ပြီး ညီမတစ်ယောက်ရှိသည်။ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ လသာတွင် ပညာသင်ကြားခဲ့သည် ။

အသက် ၈ နှစ်တွင် ကလေးသရုပ်ဆောင်အဖြစ် စတင်သရုပ်ဆောင်ခဲ့သည် ။ ၂၀၀၂ ခုနှစ်တွင် “သံလွင်ရေဘယ်မှာခမ်း” ဇာတ်ကား၌ ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။ ကလေးသရုပ်ဆောင်အဖြစ် ရုပ်ရှင်နှင့် ဗီဒီယိုများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားတွင် အကယ်ဒမီဗန်းကိုင် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ထို့နောက် တီဗီကြော်ငြာများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် “အိုးလေး ၃၀ အိုးကြီး ၅၀၀” ဇာတ်ကား၌ ကျော်ကျော်ဗိုနှင့်အတူ ပထမဆုံး ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် Forever Group နှင့် တောင်ကိုရီးယား EBS တို့မှ ထုတ်လုပ်သည့် “ကြီးမြတ်သောမြန်မာ” ရုပ်ရှင်ဇာတ်ကားတွင် အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ လက်ရှိအချိန်ထိ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၂၀၀ ကျော် ပါဝင်သရုပ်ဆောင်ထားသည်။

အဆိုတော်တစ်ယောက်အနေဖြင့်

Shwe FM ရဲ့ နှစ်ပတ်လည် အခမ်းအနားတွင် “အချစ်ကိုအယုံအကြည်မရှိ” သီချင်းကို သီဆိုပြီး နောက်ပိုင်းတွင် ဂီတလောကထဲ့သို့ စတင်ဝင်ရောက်လာခဲ့သည်။  

Shwe FM 4th Anniversary (၂၀၁၃)၊ Shwe FM 5th Anniversary (၂၀၁၄)၊ Shwe FM 6th Anniversary (၂၀၁၅) အယ်လ်ဘမ်များတွင် ပါဝင်သီဆိုခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ် “မိုက်လားပြောကြည့်” ထွက်ရှိခဲ့သည်။