စီတာပူ မနောကွင်း

Listing Description

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ထင်ထင်ရှားရှားရှိသည့် စီတာပူ မနောကွင်းမှာ မြစ်ကြီးနားသို့ ရောက်သူတိုင်း မဖြစ်မနေ သွားရောက်လေ့ရှိကြပါသည်။ မနောတိုင်ကြီးများ တည်ထောင်ထားကြပြီး လာရောက်သူ ခရီးသွားဧည့်သည်များအတွက် ကချင်ပြည်နယ်ရောက် ထင်ရှားသည့် အမှတ်အသားတစ်ခုဖြစ်ပါသည်။ ထိုမနောကွင်းတွင် တစ်နှစ်လျှင် တစ်ကြိမ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မနောပွဲကျင်းပလေ့ရှိပါသည်။ မနောအကသည် ရှေးရိုးရာနတ်ပူဇော်ပသမှုကို အခြေခံ၍ ဆင်းသက်လာခဲ့သော အကဖြစ်ပါသည်။ ရှေးအစဉ်အဆက်က တောင်တန်းဒေသတွင် အုပ်ချုပ်လာခဲ့ကြသော ဒူးဝါးကြီးများကသာ ကြီးမှူးပေးခဲ့သည့် မနောပွဲတော်ကို ယခုအခါ ပြည်နယ် အစိုးရကပါ တာဝန်ယူ၍ ကြီးမှူးကျင်းပေးလျက်ရှိပါသည်။ ပြည်နယ်သဘင်များအနက် အကြီးအကျယ်ဆုံးတစ်ခုဖြစ်၍ ကချင်အနွယ်ဝင်တို့၏ ရိုးရာကိုးကွယ်မှုကို ထုတ်ဖော်ရာတွင် အပေါ်လွင်ဆုံး သဘင်တစ်ခုဖြစ်ပါသည်။ မနောတိုင်မှာလည်း အထီးတိုင်၊ အမတိုင်ဟူ၍ နှစ်မျိုးရှိပြီး အမတိုင်ကို ဒုံယီ၊ အထီးတိုင်ကို ဒုံလာဟုခေါ်ပါသည်။ မနောတိုင်၏ ထိပ်ဖျားမှာ လခြမ်းပုံချိုင့်နေသည်မှာ အမတိုင်ဖြစ်ပြီး ခုံးနေလျှင် အထီးတိုင်ဖြစ်ကာ တိုင်များရှိ အကွက်များမှာ ကကွက်များနှင့် ဆက်စပ်နေပြီး အလယ်ရှိ အထီး၊အမတိုင်နှစ်တိုင်ကို အခြားတိုင်များမှ ဝန်းရံထားသည်မှာ စည်းလုံးခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်ပြီး ကြက်ခြေခတ်နှစ်တိုင်မှာ ခိုင်မြဲခြင်းကို ဖော်ညွှန်းသည်ဟု သိရပါသည်။ မနောကွင်းအတွင်းတွင်လည်း မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့အကျော်အမော် ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်း၏ ပုံတူရုပ်တုကိုလည်း ဂုဏ်ယူစရာပြသထားပါသည်။