ဇဖရ်ရှားဒရ်ဂါတော်

Listing Description

အိန္ဒိယအင်ပါယာကြီး၏ နောက်ဆုံးမဂိုမင်းဆက်ဖြစ်သော ဗဟာဒူးရှားဇဖာရ် ၏ ဂူဗိမာန်သည် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းတွင် တည်ရှိပါသည်။ အင်္ဂလိပ်တို့ အိန္ဒိယနိုင်ငံကို ဝင်ရောက်သိမ်းပိုက်ပြီးသောအခါ ဘုရင်ကြီးကို ကိုလိုနီအစိုးရက တစ်ကျွန်းပြစ်ဒဏ်ဖြင့် မြန်မာနိုင်ငံသို့ပို့ဆောင် ထိန်းသိမ်းခဲ့သည်။ ဘုရင်ကြီးကို ဘာသာပေါင်းစုံမှလူအများစုက သူတော်စင်ကြီးတစ်ဦးဟု သတ်မှတ်ထားကြပြီး မဂိုမင်းဆက်အဖြစ်စီမံအုပ်ချုပ်စဉ်က ဓမ္မစာပေများကို ရေးသားစပ်ဆိုခဲ့သူဟုလည်း သမိုင်းအထောက် အထားများတွင် ဖော်ပြထားပါသည်။ မြန်မာနိုင်ငံသို့ရောက်ရှိပြီး ၄ နှစ်အကြာ သက်တော် ၈၉ နှစ်၊ ၁၈၆၂ ခုနှစ်တွင် လက်ရှိဂူဗိမာန်တည်ရှိရာနေရာအိမ်တွင် နတ်ရွာစံခဲ့ပါသည်။ လက်ရှိ ဂူဗိမာန်တည်ရှိရာနေရာသည် ယခင်က အင်္ဂလိပ်စစ်တပ် စခန်းချရာ နေရာတစ်ခုဟု သိရသည်။ အင်္ဂလိပ်အစိုးရမှ ဘုရင်ကြီး ကွယ်လွန်သည့် သတင်းကို ဖုံးဖိထားခဲ့သဖြင့် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွားများသည် ထိုသတင်းကို အချိန်အတော်ကြာသည်အထိ မသိရှိခဲ့ရဟု သမိုင်းမှတ်တမ်းများအရ သိရသည်။ ၁၉၉၁ ခုနှစ်တွင် လက်ရှိခန်းမဆောင်တိုးချဲ့ရန် တူးဖော်ရာမှ ဗဟာဒူးရှား ဇဖာရ်ရုပ်အလောင်းအမှန်တကယ် တည်ရှိရာ ဂူဗိမာန်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ နေရာမှာ တစ်နေရာတည်းဖြစ်ပြီး မြေပြင်အောက်အနက် ၃ ပေခွဲခန့်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုနေရာတွင် ဘုရင်ကြီး၏ ဂူဗိမာန်အပါအဝင် မိဖုရားကြီး၏ဂူဗိမာန်နှင့် ၎င်း၏ မြေးတော်တို့၏ ဂူဗိမာန် သုံးခုရှိပါသည်။ ဂူဗိမာန်တည်ရှိရာ အဆောက်အဦးတစ်ခုလုံးကို အိန္ဒိယတွင်ရှိသော မဂိုနန်းတော်ကြီး၏ မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ထားပါသည်။ ဗဟာဒူးရှားဇဖာရ်အတွက် ရည်စူးပြီး လက်ရှိခန်းမကြီးကို သာသနာရေးဝန်ကြီးက ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အန္ဒိယအစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်တို့၏ အကူအညီဖြင့် ဖွင့်လှစ်ပေးခဲ့သည်။ အဆောက်အဦးထဲတွင် ဗဟာဒူးရှားဇဖာရ် နုပျိုငယ်ရွယ်စဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများ၊ ကြင်ယာတော်၏ ဓာတ်ပုံများ၊ ထိန်းသိမ်းခံရစဉ်က သားတော်များနှင့်အတူ ရိုက်ကူးထားသော သမိုင်းဝင်ဓာတ်ပုံများကို အမြောက်အများတွေ့မြင်နိုင်ပါသည်။ ယနေ့ခေတ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ် စာရင်းတွင် ဇဖရ်ရှားဒရ်ဂါတော်သည် တစ်ခုအပါအဝင်ဖြစ်ပြီး အထူးသဖြင့် ဇဖာရ်ဘုရင်ကို သူတော်စင်ဘုရင်တစ်ပါးအဖြစ် ကြည်ညိုသော မွတ်စလင်များ၊ အိန္ဒိယနိုင်ငံသားများ၊ မဂိုမင်းဆက်နှင့် အိန္ဒိယနိုင်ငံ၏ ဗြိတိသျှအစိုးရလက်ထက်သမိုင်းကြောင်းများကို စိတ်ဝင်စား၍ လာရောက်လေ့လာသူမျာနှင့် ဇဖာရ်ဘုရင်၏ ဂူဗိမာန်သည် လာရောက်ဂါရဝပြုသူများနှင့် အမြဲစည်ကားလျှက်ရှိပါသည်။