ခင်ဇာခြည်ကျော်

Listing Description

ခင်ဇာခြည်ကျော်ကို ၁၉၇၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် အဖ ဦးကျော်ကျော်နှင့် အမိ ဒေါ်စန်းစန်းဆွေတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး မန္တလေးမြို့တွင် ကြီးပြင်းခဲ့သည်။ မွေးချင်းနှစ်ဦးအနက် သမီးကြီးဖြစ်ပြီး မောင်တစ်ယောက် ရှိသည်။ သူမအသက် ၁၅ နှစ်တွင် မိသားစုသည် မန္တလေးမှ ရန်ကုန်သို့ ပြောင်းလာခဲ့သည်။

၁၉၉၁ ခုနှစ်တွင် “ခရာတာတာ” ဇာတ်ကားဖြင့် သရုပ်ဆောင် လောကကို စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် ၎င်း၏ ဒုတိယမြောက် ဖြူနီညိုပြာ ဇာတ်ကားတွင် မင်းဦး၊ ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော်တို့နှင့်တွဲဖက်၍ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ် အသိမှတ်ပြုမှုရရှိလာခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် “ချစ်ပန်းသီတဲ့မိန်းကလေး” ရုပ်ရှင်ဇာတ်ကားတွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည် ။

၁၉၉၄ ခုနှစ်တွင် “နော်ရင်မွှေး” ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၉၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သည်။ “ငါသူတစ်ပါးယောက်ျားမိန်းမ” ရုပ်ရှင်ဇာတ်ကားဖြင့် ၂၀၀၂ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သည်။ အနုပညာ သက်တမ်းတစ်လျှောက် ရုပ်ရှင်ဇာတ်ကားကြီး ၅၀ ကျော်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၅၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် တစ်ကိုယ်တော် တေးစီးရီးအယ်လ်ဘမ် “ရှင်းမပြနိုင်ဘူး” ထွက်ရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ်တွင် အိမ်ထောင်ကျခဲ့ပြီး သားဘုန်းမင်းနေလနှင့် သမီး ထင်သစ္စာတို့ မွေးဖွားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။