ရွှေစာရံစေတီတော် (သထုံ)

Listing Description

မွန်ပြည်နယ် သထုံမြို့တွင် တည်ရှိသော ရွှေစာရံစေတီတော်သည် စိန်ဖူးတော်မှ ဖိနပ်တော်အထိ ဉာဏ်တော်ပေ ၃၆ဝ ရှိ၍ အရံစေတီပေါင်း ၃၇ ဆူ၊ မုခ်နှင့် ရုပ်ပွားတော်ပေါင်း ၄၅ ဆူ ရှိလေသည်။ သထုံ ရွှေစာရံစေတီတော်မြတ်ကို မြတ်စွာဘုရားသခင် သက်တော်ထင်ရှားရှိစဉ် သထုံပြည်ကြီးသို့ ဒေသစာရီ ကြွချီခိုက်၌ပင် တည်ထားခဲ့သည်ဟု ဆိုသည်။ စေတီတော် မူလဒါယကာမှာ သထုံပြည်ကြီးအရှင် ကုလဝီသရာဇာသက္က မင်းတရားကြီးနှင့် တောင်ညာစံဒေဝီ မဟေသီမိဖုရားခေါင်ကြီးတို့မှ မဟာသက္ကရာဇ် ၂ ခုနှစ်တွင် မြင်သော သူရိယစန္ဒာမင်းကြီး ဖြစ်သည်။ မဟာသက္ကရာဇ် ၁ဝ၅ ခု တပေါင်း လဆန်း ၁၅ ရက်နေ့ နံနက်တွင် သုနာပရန္တဥန္နတကုန်းပြင်၌ ကုသန်ဘုရားသခင်၏ ဆံတော်ရှစ်ဆူ၊ ကောဏာဂုံဘုရားသခင်၏ တောင်ဝှေးတော်ရတနာ၊ ကဿပဘုရားသခင်၏မြသပိတ်ရတနာတော် နှင့် ဂေါတမမြတ်စွာဘုရား၏သွားတော်တို့ကို ဌာပနာ၍ စေတီတည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ စိရံဌာတုစေတီဟူသော ဘွဲ့တော်မှ စိရံစေတီ၊ ထိုမှ စာရံစေတီဟု ခေါ်ကြသည်။ စည်းခုံစေတီ၊ မောဓောစေတီတော်တို့ကို ရွှေစည်းခုံစေတီ၊ ရွှေမောဓောစေတီ စသည်ဖြင့် ခေါ်ဝေါ်သကဲ့သို့ စာရံစေတီကိုလည်း ရွှေစာရံစေတီဟု သမုတ်ကြကြောင်း အဆိုရှိသည်။ ရွှေစာရံစေတီဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၈ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ကြီးကျယ်စည်ကားစွာ ကျင်းပလေ့ရှိသည်။