ရန်အောင်မြင်ရွှေလက်လှစေတီ

Listing Description

ရန်အောင်မြင်ရွှေလက်လှစေတီ သည် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူ ဖြစ်သည်။ အသောကမင်းကြီး၏ ရှစ်သောင်းလေးထောင်သော စေတီများထဲတွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု သိရသည်။ သက္ကရာဇ် ၁၉ (အေဒီ ၈၇)တွင် ပျူဘုရင် သမုဒ္ဒရာဇ်မင်း (ကျောက်စာတွင်နောင် အခါပုဂံပြည့်ရှင်ဟုပါသည်) ရန်အောင်မြင်ရွာ (ယခင်နောင်ပြင်မြို့) နောင်ပြင်စေတီဟောင်းကုန်းကို တွေ့ရှိသဖြင့် အသစ်တစ်ဖန်ပြန်လည် ပြုပြင်မွမ်း မံခဲ့သည်ဟု ဆိုသည်။ မွန်တို့နှင့် စစ်တိုက်ခိုက်ရာ လက်ကို လှံထိသွားသဖြင့် ထိုဒဏ်ရာကို ပျောက်ကင်းရန် ဘုရားတွင် အဓိဋ္ဌာန်ပြုရာ‌ အောင်မြင်သဖြင့် ထိုဘုရားကို ပြုပြင်တော်မူခဲ့ပြီး ရန်အပေါင်းကို အောင်မြင်တော်မူ၍ လက်မှာလည်း ပကတိအတိုင်းပြန်လည်ကောင်းမွန်လာသောကြောင့် ရန်အောင်မြင်ရွှေလက်လှဘုရားဟု ဘွဲ့တော်အမည် ထင်ရှားလာကြောင်း သိရသည်။ ထို့နောက် အလောင်းစည်သူမင်း၊ နရပတိစည်သူမင်း၊ တောင်ငူဘုရင် မင်းကြီးညို၊ သာယာဝတီမင်းလက်ထက် လမ်းပျဉ်းမနားရွာမှ နေမျိုးကျော်သူဘွဲ့ရသူကြီး ဦးအာတုတ်၊ မင်းတုန်းမင်းလက်ထက် မိုးညှင်းဝန်မင်း၏နောင်တော်၊ ဗောဓိကုန်းဆရာတော်၊ ရသေ့ကြီးဦးခန္တီ စသည်ဖြင့် ခေတ်အဆက်ဆက် မင်းအဆက်ဆက် မင်းနှင့်ရဟန်းရှင်လူပြည်သူများက ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြပါသည်။