ရွှေမုဋ္ဌောစေတီတော်

Listing Description

ရွှေမုဋ္ဌောစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ကျောင်းတိုက်စုရပ်ကွက်တွင် တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင် စေတီတော်ဖြစ်ပါသည်။ သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှု စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု သိရပါသည်။ သာလွန်မင်းလက်ထက် ရမည်းသင်းမြို့စား မင်းရဲကျော်ထင်က စေတီတော်ကို ထီးတော်အသစ် တင်လှူပူဇော်ခဲ့ပါသည်။ သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် စေတီတော် ပြိုကျပျက်စီးသဖြင့် ၁၂၉၅ ခုနှစ်တွင် သိမ်ဦးဆရာတော် ဦးကဝိန္ဒ ဦးစီးလျက် အများပြည်သူကောင်းမှုဖြင့် ထပ်မံ ပြုပြင် ပူဇော်ခဲ့ကြသည်။ ထိုဘုရား ပြိုပျက်ကျနေသည့် အုတ်များကို ဖယ်ရှားရှင်းရာ ဌာပနာတိုက်မှ တွေ့ရသော ကောဇာသက္ကရာဇ် ၁၀၁ ခုနှစ် ဝဇီရဗုဒ္ဓိလင်္ကာရ သုဘောဂ ဆရာတပည့်တို့ ကောင်းမှု ဟူသော ကြေးပြားပါ ရွှေကမ္ဗည်းစာအရဆိုလျှင် ဤစေတီကို ဒွတ္တပေါင်မင်း လက်ထက်က တည်ထားခဲ့သည်ဟု ယူဆနိုင်ပါသည်။ နှစ်စဉ် တပို့တွဲလပြည့်နေ့ဝန်းကျင်ရက်များတွင် စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပလျက်ရှိပါသည်။