တုရင်တောင်စေတီ

Listing Description

တုရင်တောင်စေတီသည် ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းအနောက်ဘက်၊ ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့် အကွာတွင် တည်ရှိသော တုရင်တောင်ပေါ်တွင် တည်ရှိသည်။ သီဟိုဠ်မှရရှိသော ဗုဒ္ဓမြတ်စွယ်တော်ကို သက္ကရာဇ် ၄၂၁ ခုနှစ်တွင် အနော်ရထာမင်းကြီးသည်  ဆင်ဖြူရတနာအထက်၌တင်၍ အဓိဌာန်ပြုစေလွှတ်သောအခါ စတုတ္ထအကြိမ်မြောက် တုရင်တောင်တွင် ဝပ်သဖြင့် တည်ထားခဲ့သော စေတီတော် ဖြစ်ပါသည်။ စေတီတော်သည် အောက်ခြေတွင် ဆင် ၃၂ ကောင်ခံပြီး လောကနန္ဒာဘုရားကဲ့သို့ အောက်ခြေတွင် ဖိနပ်တော်ရှစ်မြောင့်ခံ၍ ခေါင်းလောင်းပုံသဏ္ဌာန်ဖြင့် တည်ထားပါသည်။ ဘုရားရင်ပြင်တော်ပေါ်သို့ မရောက်မီ ကားရပ်နားစခန်းအနီး၌ ဘုရားရှင် အမှူးပြုသော ရဟန္တာ ၅၀၀ ဒေသစာရီ ကြွချီတော်မူပုံ ရုပ်တုများကို ဖူးတွေ့ရပါမည်။ ၎င်းအောက်ဘက်တွင် ရှင်အရဟံ တရားထိုင်ခဲ့သော ဂူများရှိသည်။ ၎င်းအပြင် စောရဟန်းသိမ်နှင့် ရင်ကွဲဘုရားဟုခေါ်သော ပုထိုးကြီး(ရွှေဂူကြီး)ဘုရားရှိသည်။ ဘုရားစောင်းတန်း အုတ်လှေကားအတိုင်း တက်လာပါက ရွှေစစ်ကန် ဟူသော ရေကန်တစ်ကန်ရှိပြီး တောင်ပေါ်တွင် ရေသုံးနိုင်ရန် ဖြစ်သည်။ တုရင်တောင်ပေါ်မှ ညောင်ဦးတစ်ဖက် (ဧရာဝတီမြစ်ကမ်း) ၌တည်ရှိသော တန့်ကြည့်တောင် စွယ်တော်မြတ်စေတီကို လှမ်း၍ ဖူးမြှော်နိုင်သည်။ ရင်ပြင်တော်ပေါ်တွင် ရဟန္တာအရှင်မြတ်တို့၏ ရုပ်တုများကို ဖူးတွေ့ရပါမည်။ စေတီတော်၏ အောက်ခြေစောင်းတန်း လှေကားအဆုံး ညာဘက်တွင် ကျောက်စာရုံ တစ်ရုံရှိပါသည်။ တုရင်တောင်ကျောက်စာ၊ စောရဟန်းသိမ် ကျောက်စာနှင့် စာကြောင်းရေ ၂၉ ကြောင်းရှိသော စောရဟန်းသိမ်ကျောက်စာ မြန်မာပြန် ဆိုင်းဘုတ်တစ်ခုရှိသည်။ တုရင်တောင်ကျောက်စာကိုမူ မန္တလေးမြို့ ကျောက်စာရုံတွင်ရှိသော မူရင်းကျောက်စာအား မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ပညာရှင်တို့၏ အကူအညီဖြင့် ကူးယူထားခြင်း ဖြစ်ပါသည်။