သထုံခရိုင် ပြည်သူ့ဆေးရုံကြီး၌ အထူးကြပ်မတ်ကုသဆောင် ဆောက်ရန် မြေသန့်ပန္နက်တင်

Listing Description

သထုံ ဇန်နဝါရီ ၁

မွန်ပြည်နယ် သထုံမြို့ရှိ ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် တည်ဆောက်မည့် အထူးကြပ်မတ်ကုသဆောင် (ICU) အဆောက်အအုံ မြေသန့်ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ပိုင်းက ဆေးရုံကြီးရှေ့ရှိ အဆောက် အအုံမြေနေရာ၌ ကျင်းပရာ လွှတ်တော် ကိုယ်စားလှယ်များ၊ အလှူရှင်များနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်၌ အဆောက်အအုံအား သတ်မှတ်နေရာ အသီးသီးမှ ပန္နက်တိုင်စိုက်ထူပေးကြ သည်။ (ယာပုံ)

အဆိုပါ အထူးကြပ်မတ်ကုသ ဆောင်ကို ရန်ကုန်မြို့နေ ဒေါက်တာ တင်ထွန်းဦး၊ ဒေါက်တာခင်မိုးမိုး (စွယ်စုံ မီဒီယာဂရု) မိသားစုနှင့် မောင်နှမများ က ငွေကျပ်သိန်းတစ်ထောင် မတည် လှူဒါန်းပြီး ပေ ၅၀ ပတ်လည် RC ကွန်ကရစ် နှစ်ထပ်အဆောက်အအုံ ဖြစ်သည်။ အပေါ်ထပ်တွင် ကိုဗစ်-၁၉ ရောဂါ အပါအဝင် နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ ခွဲစိတ်လူနာများ အတွက် အထူးကြပ်မတ်ကုသမည့် အခန်းဖြစ်ပြီး အောက်ထပ်တွင် ကျောက်ကပ် သွေးသန့်စင်ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်သည်။ ICU အခန်း၌ လိုအပ်သည့် Ventilator, Patient Monitor, High Flow Oxygen Therapy Apparatus, X-Rays including pendants စသည့် ပစ္စည်းများကို ဘုရားငါးဆူတောင်ပေါ် ကျောင်းတိုက် ဝေဘူကမ္မဋ္ဌာန်းရိပ်သာ ဆရာတော် အရှင်စန္ဒိမာ၊ ရွှေပါရမီ တောရဆရာတော် အရှင်ဆန္ဒာဓိကနှင့် အလှူရှင်များစုပေါင်းကာ ဆက်လက် လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရ သည်။ သက်ဦး (သထုံ)