သိကြားဘုရား (ခေါ်) မြသိန်းတန်ဘုရား

Listing Description

မွန်ပြည်နယ်၊ သထုံမြို့၊ ရွှေစာရံစေတီတော်၏ အရှေ့ဘက်အနီးတွင် တည်ရှိပါသည်။ မဟာသက္ကရာဇ် ၁၁၄ ခုနှစ် တပေါင်းလပြည့်ကျော် ၃ ရက်နေ့တွင် ရွှေစာရံစေတီတော် တည်ထားရာ၌ သွားတော်ဓာတ်လေးဆူကို ဆေးကြောရာတွင်သုံးသည့် မြူတာအိုးရတနာ ၄၇ လုံးကို အောက်အခင်း မြအခံပြု၍ ဌာပနာကာ တည်ထားသဖြင့် မြသိန်းတန်ဘုရားဟုလည်း ဘွဲ့အမည်တွင်ပါသည်။ စေတီတော်ဒါယကာမှာ သူရိယစန္ဒာမင်းကြီး၏ အဆက်အနွယ်ဟုသာသိရပြီး ကုသိုလ်ရှင်၏အမည်ကိုမူ မသိရှိရပါ။ စေတီတော်တစ်ဆူလုံးကို ဂဝံဖြင့် တည်ဆောက်ထားပြီး စေတီတော်ဖိနပ်သည် ၁၀၄ ပေ ပတ်လည်ရှိ၍ ပစ္စယာသုံးဆင့်ပေါ်၌ စေတီတော်ကို တည်ထားသည်။ စေတီတော်သည် ဖိနပ်တော်မှ ပထမပစ္စယာ အထိ ၁၈ ပေ၊ ဒုတိယပစ္စယာအထိ ၃၄ ပေနှင့် တတိယ ပစ္စယာအထိ ၄၆ ပေ မြင့်ကာ စေတီတော်တစ်ဆူလုံးသည် ၈၅ ပေမြင့်သည်။ စေတီတော် ပထမပစ္စယာသို့တက်ရန် အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တွင် လှေကားတစ်ခုစီ ပြုလုပ်ထားသည်။ ပထမပစ္စယာသည် ၁၀၄ ပေပတ်လည်၊ ဒုတိယပစ္စယာသည် ပေ ၇၀ ပတ်လည်ရှိ၍ တတိယပစ္စယာသည် ၄၈ ပေပတ်လည် ရှိသည်။ အလယ်ပစ္စယာ၏ နံရံကပ်လိုဏ်မုခ်များအတွင်း ရပ်တော်မူဘုရားများကို ကြည်ညိုဖွယ် ဖူးတွေ့နိုင်ပါသည်။ စေတီပတ်လည်တွင်လည်း အေဒီ ၁၁ ရာစုခန့်ကလက်ရာ အုတ်ခွက်ဘုရားများကို တွေ့မြင်ရပြီး အုတ်ခွက်ဘုရားများမှ ရုပ်ကြွများမှာ ဝေဿန္တရာ၊ ဝိဓူရ၊ မဟော်သဓာ၊ ဘူရိဒတ်၊ တေမိယစသော ဇာတ်တော်ကြီး ဆယ်ဘွဲ့ကို ဖော်ညွှန်းထားပါသည်။ သိကြားစေတီတော်တွင် ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံထားသည့် လက်ရာများကို တွေ့ရှိရပါသည်။