ရှစ်မျက်နှာစေတီ

Listing Description

ရှစ်မျက်နှာစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့ မြို့လယ်ရှိ ၄ ရပ်ကွက်၌ တည်ရှိသည်။ သီရိဓမ္မာသောကမင်းကြီး၏ စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်ပြီး မူလစေတီတော်မှာ မြန်မာနိုင်ငံအထက်ပိုင်း၊ ချင်းတွင်းမြစ်ညှာ ကမ်းနဖူး၌ တည်ထားခဲ့ပါသည်။ နှစ်ကာလ ကြာမြင့်သည်နှင့်အမျှ မြစ်ရေတိုက်စားခြင်းကြောင့် စေတီတော် ယိုယွင်းပျက်စီးခဲ့ရာ ဌာပနာတိုက်အတွင်းမှ ရှစ်မြှောင်လက်ျာရစ်ခွေ အဆင့်ဆင့်ကျောက်ခွေ ဓာတ်တော်ကြုတ်ကြီး ပေါ်ထွက်လာခဲ့သည်။ ၁၂၃၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက်နေ့တွင် ဆရာတော် ဝဏ္ဏအဘိဓဇသဒ္ဓမ္မလင်္ကာရာဇဂုရုသည် ဓာတ်တော်ကြုတ်ကို ရွှေအဆင်း ဓာတ်တော် ၄၅ ဆူ၊ ချရားစေ့ အရောင် ဓာတ်တော် ၂၉ ဆူ၊ ပုလဲရောင်ဓာတ်တော် ၆၂ ဆူတို့နှင့်အတူ သုံးခွမြို့၌ဌာပနာ၍ တည်ထားခဲ့သည်။ စေတီတော် တည်ထားသည့်ကမ်းပြိုသဖြင့် ၁၂၄၇ ခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည်တည်ထားခဲ့သည်။ စေတီတော်ကို ပြန်လည်ပြုပြင်ကြစဉ် ယခုစေတီတော် တည်ရာအရပ်တွင် ဒရယ်တစ်ကောင်ဝပ်နေသည်ကို တွေ့ရှိရသဖြင့် မင်္ဂလာယူကာ ယခုစေတီတော် တည်ရာနေရာသို့ တတိယအကြိမ် ရွှေ့ပြောင်းတည်ထားကြသည်။ မူလလက်ျာရစ်ခွေ ရှစ်မြှောင့်ရှိ ဓာတ်တော်ကြုတ်ကို ဝန်းရံလျက် မန္တလေးမြို့မှ ပင့်ဆောင်လာသော ငွေပြားဆင်းတုတော် ၁၂၆-ဆူ၊ ကြေးဆင်းတုတော် ၁၆၉ ဆူ၊ ရွှေဆင်းတုတော် ၂၁၉ ဆူ၊ ငွေပြားခတ် ဆင်းတုတော် ၃၄၇ ဆူ၊ ဆင်စွယ်ဆင်းတုတော် ၅ ဆူ၊ သတ္တဌာန ဘုရားပေါင်း ၇ ဆူ၊ ဖန်ဆင်းတုတော် ၁၈ ဆူ၊ နှစ်ကျိပ်ရှစ်ဆူ ၂၈ ဆူ၊ ကျောက်ဆင်းတုတော် ၄၅ ဆူ၊ စေတီပေါင်း ၂၇ ဆူ၊ ရွှေအဆင်းရှိဓာတ်တော် ၄၅၈ ဆူ၊ ချရားစေ့ အဆင်းရှိ ဓာတ်တော် ၄၂၉၃၆ ဆူ၊ ပုလဲရောင်အဆင်း ဓာတ်တော် ၅၈၂၁၆ ဆူ နှင့် ရဟန္တာရုပ်တု ရှစ်ဆယ်တို့ကို ဌာပနာ၍ ဉာဏ်တော် ၅၈ တောင်အထိ တိုးမြှင့်တည်ထားခဲ့သည်။ မူလကျောက်ကြုတ်အတိုင်း ရှစ်မြှောင် ပြုလုပ်တည်ထားခဲ့ခြင်းကြောင့် ရှစ်မျက်နှာစေတီဟု ဘွဲ့အမည်တွင်ခဲ့သည်။

Credit to Wikipedia