အောင်မြေလောကသွန်းဘုရားကြီး

Listing Description

သုံးခွမြို့ကျက်သရေဆောင် အောင်မြေလောကသွန်းဘုရားကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့၊ အမှတ် (၂) ရပ်ကွက်တွင် တည်ရှိပါသည်။ စေတီတော်ကို တန်ဆောင်းတော်ကြီးအပေါ်တွင် ပြသာဒ်အဆင့်ဆင့်ဖြင့် ထီးတော်တင်လှူထားပါသည်။ စေတီတော်၏ မြောက်ဘက်မုခ်တန်ဆောင်း ဂန္ဓကုဋီတိုက်အတွင်းတွင် မန္တလေးမဟာမြတ်မုနိဘုရားကြီးနှင့် ပုံစံတူ ကြေးသွန်းဘုရားကြီးတစ်ဆူကို ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပါသည်။ ယင်းကြေးသွန်းဘုရားကြီးကို မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်နေ့တွင် သုံးခွမြို့တွင် နေထိုင်သော ဘုရားဒါယကာ ဦးဘိုးနှင့် ဒါယကာမ ဒေါ်သဲအု မိသားစုတို့မှ သွန်းလုပ်ပူဇော် တည်ထားခဲ့ပါသည်။ ကြေးသွန်းဘုရားကြီး၏ ဉာဏ်တော်အမြင့် ၇ တောင် ၁ မိုက်ရှိပြီး ရွှေချိန် ၂၁ ကျပ် ၈ ပဲ၊ မိုးကြိုး ၁၁ ကျပ်သား ၄ ပဲ၊ ငွေ ၁၀၆ ကျပ်သား၊ ရွှေနှင့်ငွေ ၂၉ ကျပ် ၈ ပဲသားပါသော ဓာတ်တော်ကြုတ်နှင့် ကြေးချိန် ၃၆၅၅ ပိဿာရှိကာ ထိုခေတ်ကာလ ကြေးဖိုးနှင့်လက်ခငွေ ၁၂၇၅၀ ကျပ်ကုန်ကျသည်ဟု သိရပါသည်။ ဓာတ်တော်ကြုတ်ထဲတွင် ဘုရားဓာတ်တော် အဆူ ၂၀၀၊ ရဟန္တာ ဓာတ်တော် ၁၀ ဆူတို့ကို ဌာပနာ၍ သွန်းလုပ်ပူဇော်ထားပါသည်။ ဘုရားကြီးသည် ဂန္ဓကုဋီတိုက်အတွင်း သပ္ပာယ်စွာစံနေတော်မူပြီး ဂန္ဓကုဋီတိုက်အပြင်ဘက်တွင် တန်ဆောင်းနှစ်ထပ်ဖြင့် ခြံရံလျက် အတွင်းတန်ဆောင်းတော် ပတ်လည်တွင် မြတ်စွာဘုရားရှင်လက်ထက်က ဧတဒဂ်ဘွဲ့ရတော်မူသော ရဟန္တာမထေရ်မြတ်ကြီးများ၏ ရုပ်ပွားတော်မြတ်များကို ဘုရားဖူးလာပြည်သူများ ဖူးမြော်နိုင်ရန် ပူဇော်ထားရှိပါသည်။ ဘုရားကြီး၏ တောင်ဘက်မုခ်ဦးတွင် ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်တစ်ဆူကိုလည်း ဖူးမြော်နိုင်ပါသည်။ စေတီတော်၏ ထီးတော်သည် နှစ်ပေါင်း ၁၀၀ ကျော်ကြာမြင့်ပြီဖြစ်သဖြင့် ဘုရားဂေါပကအဖွဲ့များ၏ ဦးဆောင်ကြိုးစားမှု၊ အလှူရှင်များ၏ သဒ္ဒါတရားထက်သန်မှုတို့ကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စေတီတော်၏ ထီးတော်ကို အသစ်တင်လှူပူဇော်နိုင်ခဲ့ပါသည်။ ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ပြာသိုလတွင် ကျင်းပလေ့ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဒေသထွက်ကုန်များ လာရောက်ရောင်းချကြသဖြင့် အလွန်စည်ကားသော ပွဲတော်လည်းဖြစ်ပါသည်။