ဒေါ်မိန်းကလေးပြည်သူ့စာကြည့်တိုက်

Listing Description

ဒေါ်မိန်းကလေးပြည်သူ့စာကြည့်တိုက်သည် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ မြို့မဈေး၏တောင်ဘက် ရှင်စောပုလမ်းတွင် တည်ရှိပါသည်။ စာကြည့်တိုက်ကို ဒေါ်မိန်းကလေးမှ ၁၃၀၃ ခုနှစ် ဝါခေါင်လဆန်း ၁၂ရက် (၃.၈.၁၉၄၁) တွင် ကျပ်ငွေ ၃၂၀၀ ကုန်ကျခံ၍ ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ဒေါ်မိန်းကလေးကို သက္ကရာဇ် ၁၂၃၂ ခုနှစ်တွင် သုံးခွမြို့နယ် တကောကျေးရွာတွင် ဖွားမြင်သည်။ ငယ်စဉ်မှစ၍ ဆင်းရဲနွမ်းပါခဲ့ပြီး စာမသင်ခဲ့ရပါ။ ၁၂၅၀ ပြည့်နှစ်တွင် ဦးသာစိုး ဆိုသူနှင့်အိမ်ထောင်ကျပြီး လယ် ၃ ဧကမှစ၍ ကြိုးစားလုပ်ကိုင်လာခဲ့ရာ လယ်ဧက ၂၀၀ ခန့် ပိုင်ဆိုင်လာပြီး ကြွယ်ဝချမ်းသာလာခဲ့ပါသည်။ ဒေါ်မိန်းကလေး အသက် ၇၀ အရွယ်တွင် မျက်စိကွယ်လွန်ခဲ့ပြီး ၎င်းသည် ဖြစ်လေရာဘဝတွင် မျက်စိအလင်းရသူ၊ ပညာတတ်မြောက်သူဖြစ်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ကို ဆောက်လုပ်ပြီး ပိဋကတ်သုံးပုံနှင့်တကွ ကျမ်းစာမျိုးစုံတို့ကိုပါ လှူဒါန်းခဲ့ပါသည်။ ယခုအခါ ဒေါ်မိန်းကလေးပြည်သူ့စာကြည့်တိုက်တွင် အမျိုးအစားစုံလင်သော စာအုပ်ရေ တစ်သောင်းကျော်၊ နေစဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ E-Library များဖြင့် ပြည့်စုံလျက်ရှိပါသည်။