ရှင်ပင်နေရဘန်ဘုရား

Listing Description

မကွေးတိုင်းဒေသကြီး ၊စလင်းမြို့၏အရှေ့အရပ်၊ ကျွန်းတော်ဦးရွာထိပ်တွင် တည်ရှိပြီး နိဗ္ဗာန်ဘုရားဟူသောဘွဲ့တော် ရှေးဦးတွင်ခဲ့‌ပါသည်။ စလင်းမြို့တည်ခဲ့သော အချိန်ထက်စော၍ တည်ရှိနေသောဘုရားဟုအဆိုရှိသည်။ အလောင်းစည်သူမင်း ဖောင်းလင်း၊ ရွှေစောလူးဘုရားမှအပြန်တွင် နေရဘန်ဘုရားကို ၀င်‌ရောက်ဖူးမျှော်၍ ၀တ္တကမြေများ လှူဒါန်းခဲ့သည်။ ကောဇာသက္ကရာဇ် ၉၂၉ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်နေ့တွင် အင်း၀ဘုရင် သတိုးမင်းစော၏အမတ် အသည်၀န်မင်းကြီး မဟာမင်းလှမင်းထင်က ထပ်မံပြုပြင်မွမ်းမံခဲ့သည်။ ထို့နောက် ကောဇာသက္ကရာဇ် ၁၂၆၂ ခုနှစ်တွင် ကျောင်းကြားရွာမှ ဦးမိုးသီးက ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။ စေတီတော်လိုဏ်မုခ်အတွင်းတွင် ဦးခေါင်းတော်အောက်မှ ခေါင်းအုံးတော် ၃၃ လုံးဖြင့် ပေ ၃၀ အရှည်ရှိသည့် လျောင်းတော်မူမြတ်စွာဘုရားရုပ်ပွားတော်ကြီးကို ဖူးမြော်မြင်တွေ့နိုင်ပါသည်။ စေတီတော် ပရိဝုဏ်အတွင်းတွင် စေတီပုထိုး ၉ ဆူရှိပြီး တချို့သောဘုရားများမှာ ပုဂံခေတ်လက်ရာနှင့် ပုံသဏ္ဌာန်တူပြီး အတွင်းတွင် နံရံဆေးရေးပန်းချီများကို တွေ့ရှိရသော်လည်း ထုံးသင်္ကန်းကပ်လှူထားသဖြင့် ထိုနံရံဆေးရေးပန်းချီအများစုကို မမြင်တွေ့ရတော့ပေ။