ရှာလ်လုမ်းခံတပ်

Listing Description

ချင်းပြည်နယ်(မြောက်ပိုင်း) တီးတိန်မြို့နယ် ဝေါ့လာ့ကျေးရွာမှ တစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်။ ဗြိတိသျှတို့က နယူးတာတန်(New Tarton)ဟုခေါ်သော ရှာလ်လုမ်းခံတပ်သည် နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းတွင် ထင်ရှားသော သမိုင်းဝင်ခံတပ်ကြီးဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်ပြင်းထန်သည့် ချင်းအမျိုးသားများမှ ချင်းတောင်တန်းရှိ ထုတ်လိုင်ကျေးရွာ အင်္ဂလိပ်စစ်တပ်စခန်းကို တိုက်ခိုက်နိုင်ရေးအတွက် ဘွင်မံကျေးရွာတိုက်သူကြီး ဦးလျင့်ကမ်းဦးဆောင်သော စီးယင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၃၇ ဦးတို့သည် ဝေါ့လာ့ကျေးရွာနယ်မြေ ရှာလ်လုမ်းရွာတွင် မြေတွင်းများတူးကာ ကျောက်ပြားချပ်ကြီးများ၊ ပျဉ်ချပ်များ၊ သစ်ရွက်များဖြင့်ဖုံးအုပ်ပြီး ခံတပ်ကို ကြီးကျယ်စွာတည်ဆောက်ခဲ့ကြကာ ရှာလ်လုမ်း ဟုအမည်တွင်စေခဲ့သည်။ စီးယင်းချင်းဘာသာဖြင့် ရှာလ်ဆိုသည်မှာ နွားနောက်ဦးခေါင်းဖြစ်ပြီး လုမ်းဆိုသည်မှာ ခံတပ်ဟု အဓိပ္ပာယ်ရသည်။ ခံတပ်မကြီး၊ ရဲမေကျင်း၊ ကျင်းပတ်လမ်း၊ အောက်ဘက်ကျင်း၊ ကင်းထောက်ကျင်း စသည်တို့ဖြင့် ဆောက်လုပ်ထားပြီး ခံတပ်အနားတွင်လည်း သုံးပေအမြင့်ရှိသော ဆူးချွန်များစိုက်ထူထားကြသည်။

ရှာလ်လုမ်းခံတပ်တိုက်ပွဲကြီးသည် ဗိုလ်ချုပ်ကြီးဟောင်းဖောင်း ခေါင်းဆောင်သော စစ်သည် ၁၇၆၈ ဦး၊ အမြောက်နှစ်လက်တို့ဖြင့် တစ်နေရာတည်း၊ တစ်ချိန်တည်းတွင် အပြင်းထန်ဆုံးနှင့် အသေအပျောက်အများဆုံး တိုက်ပွဲဖြစ်သည့်အပြင် နောက်ဆုံးတိုက်ပွဲလည်းဖြစ်ကြောင်း နယ်ချဲ့အင်္ဂလိပ်တို့မှ မှတ်တမ်းတင်ထားခဲ့ကြောင်း သိရသည်။

ရှာလ်လုမ်းခံတပ်ဟောင်းကြီးကို ၁၉၆၅ ခုနှစ်တွင် ရန်ပုံငွေကျပ် ၃၄ဝဝ ဖြင့် ကနဦးပြုပြင်မှုစတင်၍ ၁၉၆၅ ခုနှစ် မေ ၄ ရက်က ခံတပ်ကမ္ပည်းကျောက်စာတိုင်များ ပြုလုပ်ကာ ယနေ့အချိန်ထိ ဒေသခံတို့က ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ထိန်းသိမ်းလျက်ရှိနေသော ခံတပ်လည်းဖြစ်သည်။