ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)

Listing Description

ရွှေနန်းတော်ကျောင်းခေါ် ရွှေကျောင်းသည် နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိပြီး မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် တွင်တည်ပြီး အရှေ့ဘက်တွင် (၆၂) လမ်းနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊ အနောက်ဘက်တွင် အတုမရှိကျောင်းနှင့် မြောက်ဘက်တွင် ကုသိုလ်တော်ဘုရား ရှိပါသည်။ ၁၈၇၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် မင်းတုန်းမင်းတရားကြီး နတ်ရွာစံပြီးနောက် မြနန်းစံကျော် ရွှေနန်းတော်ကြီးပေါ်ရှိ မင်းတုန်းမင်း နတ်ရွာစံခဲ့သော နန်းဆောင်နှင့် စနုဆောင်တို့ကို ၁၈၇၈ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ဖြုတ်သိမ်း၍ ဘုန်းကြီးကျောင်းအဖြစ် ပြောင်းရွှေ့တည်ဆောက်ခဲ့သည်။ ၁၈၈၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ငွေဒင်္ဂါး ၁၂၀,၀၀၀ ကျပ် ကုန်ကျခဲ့သည်။ ရွှေနန်းတော်ကျောင်းဟု အမည်ပေးခဲ့သော်လည်း ယခု ရွှေကျောင်း ဟု ထင်ရှားပါသည်။ ကျောင်းကြီးကို တိုင်ပေါင်း (၁၅၀) တိုင် နယားရုပ်ထောက်တိုင် (၅၄) တိုင် နှင့် သရက်ကင်း အုတ်လှေကား ငါးစင်းဖြင့် တည်ဆောက်ထားရာတွင် လှေကားငါးစင်းအနက် အရှေ့ဘက်လှေကားသာလျှင် မူလလက်ရာ ဖြစ်ပါသည်။ ၁၉ ရာစု ကုန်းဘောင်ခေတ်လက်ရာ ခြူးပန်း၊ ခြူးနွယ်၊ အပြောက်အမွမ်း၊ ရုပ်လုံးရုပ်ကြွ၊ နံရံကပ်ရုပ်ကြွ၊ ဇာတ်ကြီးဆယ်ဘွဲ့ထွင်းရုပ်ကြွများကို ခမ်းနားစွာ တွေ့နိုင်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးစစ်ရန် အပျက်အစီးဒဏ်မှ ကင်းလွတ်ခဲ့သော မူလလက်ရာ နန်းတော်သာသနိကအဆောက်အအုံ တစ်ခုလည်းဖြစ်သည်။