ရှောင်စောန်းကျေးရွာရှိ ချင်းရိုးရာနေအိမ်

Listing Description

ရှောင်စောန်းစံပြကျေးရွာသည် ချင်းပြည်နယ်(မြောက်ပိုင်း) တီးတိန်မြို့၏အရှေ့ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ အဆိုပါ ကျေးရွာကို ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လာရောက်လည်ပတ်သူများ လေ့လာနိုင်ရန် ချင်းရိုးရာလူနေထိုင်မှုဘဝမှ နေ့စဉ်အသုံးပြုလေ့ရှိသည့်ပစ္စည်းများ စုံလင်စွာထည့်သွင်းထားသည့် ရိုးရာအိမ်တစ်လုံးကိုလည်း တည်ဆောက်ထားရှိသည်။ ရှောင်စောန်းစံပြကျေးရွာတွင် ဗြိတိသျှကိုလိုနီ လက်ထက်မတိုင်မီက တီးတိန်မြို့မှ ချင်းစာပေ (ZotualLai) တီထွင်သူတစ်ဦးဖြစ်သည့် ပေါင်ကျင့်ဟောက်၏ ဘာသာရေးကို ယုံကြည်သက်ဝင်သူများ နေထိုင်ကြပြီး ပေါင်ကျင့်ဟောက်အား ယင်း၏စာပေတီထွင်မှုနှင့် ဘာသာရေးအတွက် အိန္ဒိယဘုရင်ခံချုပ် Sr.Chemsfort က ၁၉၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် စာပေတီထွင်သူနှင့် တမန်တော်မြတ်ကြီးအဖြစ် အသိအမှတ်ပြုဂုဏ်ပြုစလွယ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။ ရှောင်စောန်းစံပြကျေးရွာတွင် ရိုးရာအိမ်အပြင် ရိုးရာ ရက်ကန်းလုပ်ငန်း၊ ရိုးရာဝတ်စုံများ ပြောင်းလဲလာမှုအား အဆင့်ဆင့် ပြသထားသည့် ပြခန်းများလည်းရှိပြီး ပေါင်ကျင့်ဟောက်ပါရှန်း ရှောင်စောန်းဘာသာရေးအရ ဝတ်ပြုဆုတောင်းမှုများကို စိတ်ဝင်တစား လေ့လာနိုင်ပါသည်။