အထူးကြပ်မတ်ကုသဆောင်သစ်ကို တီးတိန်မြို့ခုတင်(၁၀၀)ဆံ့ဆေးရုံ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နှင့်အတူ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းတည်ဆောက်နေ

Listing Description

တီးတိန် နိုဝင်ဘာ ၄

ချင်းပြည်နယ် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံအတွင်း တည်ဆောက်လျက်ရှိသော အထူးကြပ်မတ် ကုသဆောင် အဆောက်အအုံသစ်ကို တီးတိန်မြို့ခုတင်(၁၀၀)ဆံ့ဆေးရုံ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နှင့်အတူ ဖွင့်လှစ်နိုင်ရန် တည်ဆောက်ခြင်း လုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ် ပံ့ပိုးရေး ကော်မတီထံမှ သိရသည်။

တီးတိန်မြို့ အထူးကြပ်မတ်ကုသဆောင်ကို မေ ၁၉ ရက်က စတင်ဆောက်လုပ်ခြင်းဖြစ်ပြီး အလျား ၄၈ ပေ၊ အနံ ၂၄ ပေရှိ အခန်းလေးခန်းပါဝင်သည့် နှစ်ထပ်ဆောင် ဖြစ်ကာ လတ်တလော ကိုဗစ်-၁၉ ကာလ လိုအပ်ချက် အနေဖြင့် အထူးကြပ်မတ်ကုသဆောင် အမြန်ပြီးစီးရေး၊ အသက်ရှူစက် အမြန်တပ်ဆင်ရေး၊ မီးစက်တစ်လုံး အမြန်တပ်ဆင်နိုင်ရေးတို့အတွက် ပြည်တွင်းပြည်ပ အနယ်နယ်အရပ်ရပ်မှအလှူရှင်များ၏ ပံ့ပိုးကူညီထည့်ဝင် ငွေဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။

"အထူးလိုအပ်နေတဲ့ကြပ်မတ်ကုသဆောင်နှစ်ထပ်ကို အမြန်ဆုံးတည်ဆောက်နေပါတယ်။ အပေါ်ထပ်က ကူးစက်မြန်တဲ့ရောဂါ လူနာထားဖို့ Intensive Care Unit (ICU)၊ အောက်ထပ်မှာတော့ ကူးစက်ရောဂါမဟုတ်တဲ့ အခြားရောဂါ အရေးပေါ်လာရင်ထားဖို့ သီးသန့် ဆေးကုသ ဆောင်ထားမယ်။ ဒီမှာက ခုတင် ၁၀၀ ပဲရှိတာ ဆိုတော့ လူနာအသည်းအသန်ဖြစ်လာရင် သီးသန့်ထားဖို့ အဆင်မပြေဘူး။ အဲဒါကြောင့် အခုဒီအထူးကြပ်မတ်ကုသ ဆောင်တည်ဆောက်နိုင်ဖို့အတွက် ကော်မတီဖွဲ့တယ်။ ပြည်တွင်းပြည်ပ အလှူရှင်တွေကို ဖိတ်ခေါ်ပြီး ဝိုင်းဝန်း ဆောင်ရွက်ကြတာပါ။ အဆောက်အအုံ ပြီးသွားရင်တော့ ကျန်းမာရေးဌာနကို အပြီးလွှဲပြောင်းပေးသွားဖို့ ဖြစ်ပါတယ်"ဟု တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ် ပံ့ပိုး ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်ခန့်လျန်းက ပြောသည်။

လက်ရှိတွင် အထူးကြပ်မတ်ကုသဆောင်အတွက် နိုင်ငံတော်အစိုးရနှင့်ပြည်ပရောက်အလှူရှင်များမှ ပေးပို့ သော အဆင့်မြင့် လူနာခုတင်ခုနစ်လုံးနှင့်အခြားဆေးရုံသုံးပစ္စည်းအမျိုးပေါင်း ၁၀၀ ကျော်ရောက်ရှိလာပြီ ဖြစ်ကြောင်း၊

တည်ဆောက်ခြင်းလုပ်ငန်းပိုင်းအနေဖြင့် ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ ယခုအခါ ပြည်သူ့ဆေးရုံ ခွဲစိတ်ခန်းနှင့် ဆက်သွယ်ထားသော အောက်ဆီဂျင်လိုင်း တပ်ဆင် မှုမှတစ်ဆင့် ခွဲစိတ်လူနာများအတွက် အောက်ဆီဂျင် အသုံးပြုနေပြီဖြစ်ကြောင်း၊ အရေးကြီး/အရေးပေါ် လိုအပ်ချက်အရ အောက်ဆီဂျင် ရယူနိုင်ရန် ကုသဆောင်များ၌ တပ်ဆင်ပြီးဖြစ်ကြောင်း၊ ယနေ့အထိပြည်တွင်းပြည်ပမှ စုစုပေါင်း လှူဒါန်းငွေကျပ်သိန်း ၁၇၀၀ကျော် ရရှိထားပြီးဖြစ်ကြောင်း၊ လာမည့် ၂၀၂၁ ခုနှစ်တွင် တီးတိန် မြို့ခုတင်၁၀၀ ဆံ့ပြည်သူ့ဆေးရုံမှာ နှစ် ၁၀၀ တင်းတင်း ပြည့်တော့မည်ဖြစ်သည့်အတွက် ယခုတည်ဆောက်နေ သည့် အထူးကြပ်မတ် ကုသဆောင်ကိုလည်း ရာပြည့် အထိမ်းအမှတ်နှင့်အတူ ဖွင့်လှစ်နိုင်ရန်စီစဉ်ထားကြောင်းတီးတိန်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ် ပံ့ပိုးရေး ကော် မတီ၏ အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဝုန့်ဆွင်းမုန်က ပြောပြ၍ သိရသည်

ချင်းတွင်းသား