ရှိမ်းမကားဘေးမဲ့တော

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့၏အရှေ့ဘက် ၁၄ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ပါးစပ်ရာဇဝင်အရ ကျန်စစ်သားမင်းကြီးလက်ထက် မုဆိုးကြီး ငစဉ့်ကို ရှာဖွေရာ ယင်းမုဆိုး ရှိမည်အထင်ဖြင့် "ရှိမူကား"ဟု ပြောဆိုရာမှ ရှိမ်းမကားအဖြစ် ရွေ့လျောလာသည်ဟု ဆိုသည်။ ရှိမ်းမကားဘေးမဲ့တော အကျယ်အဝန်းမှာ ၃၃၄ ဧကရှိပြီး မင်းတုန်းမင်းကြီးက စာချွန်တော်ထုတ် သတ်မှတ်လှူဒါန်းခဲ့ပါသည်။ မင်းတုန်းမင်းကြီးလှူဒါန်းခဲ့သော ပထမရွှေကျင်သာသနာပိုင်ဆရာတော် အရှင်ဇာဂရမထေရ် သီတင်းသုံးခဲ့သည့် တောရကြီးကျောင်းအတွင်းတွင် မင်းတုန်းမင်းတရားကြီး လှူဒါန်းခဲ့သည့် ရှေးဟောင်း ဆင်းတုတော်များ၊ ရတနာပုံခေတ်လက်ရာ ဆွမ်းတော်အုပ်များ၊ ကွမ်းအစ်၊ သလင်းကျောက်ဖြင့်ပြုလုပ်ထားသည့် ရေတဂေါင်းများ၊ ရွဲမီးအိမ်များ၊ ရှေးခေတ်နာရီများ၊ ဘီဒိုများ၊ ရွှေကျင်ဆရာတော်ကြီး ကျမ်းပြုစုခဲ့သည့် ပေစာများ၊ ဘေးမဲ့အဖြစ် သတ်မှတ်ပေးခဲ့သည့် ပေစာများကိုလည်း ယနေ့တိုင်မြင်တွေ့နိုင်ပါသည်။ ရှိမ်းမကားဘေးမဲ့တောတွင် သဘာဝတောတောင်အလှအပများကို ခံစားနိုင်သည့်အပြင် လေ့လာစရာ ရှေးဟောင်းသာသနိက အဆောက်အအုံများနှင့် ဖူးမြော်စရာ ဘုရားစေတီပုထိုးများစွာ တည်ရှိပါသည်။